ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို အင်အားပြင်းငလျင်တစ်ခု ဝင်ရောက်လှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၆၉ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ကယ်ဆယ်ရေးအရာရှိကြီးများက ပြောသည်။
“ထိခိုက်သေဆုံးသူ အရေအတွက်တွေ ထပ်မံရရှိနေတာကြောင့် အခြေအနေက အပြောင်းအလဲမြန်ပါတယ်။ ဒီငလျင်ကြောင့် လူ ၆၀ လောက်အထိ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျွန်တော်တို့ ရရှိထားပါတယ်” ဟု အစိုးရ၏ အရပ်ဘက်ကာကွယ်ရေးရုံးမှ ဒုတိယအကြီးအကဲဖြစ်သူ ရာဖေးလစ်တို အလီဟန်ဒရိုက မနီလာတွင် သတင်းထောက်များကို ကနဦးပြောခဲ့သည်။
ထို့နောက် သေဆုံးသူအရေအတွက်ကို ၆၉ ဦးအထိ အသစ်ပြင်ဆင် ထုတ်ပြန်ခဲ့သည်။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးစင်တာ (USGS) ၏ အဆိုအရ အင်္ဂါနေ့ ည ၉:၅၉ နာရီတွင် လူဦးရေထူထပ်သော စီဘူကျွန်း၏ မြောက်ဘက်စွန်းအနီးရှိ လူဦးရေ ၉၀,၀၀၀ နေထိုင်သော ဘိုဂိုမြို့အနီးတွင် ပြင်းအား ၆.၉ ရှိ ရေတိမ်ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အဆောက်အအုံများ ပြိုကျကာ လမ်းများ ပျက်စီးခဲ့သည်ဟု သိရသည်။
အစိုးရ၏ အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် သေဆုံးသူ ၂၆ ဦး၊ ဒဏ်ရာရသူ ၁၄၇ ဦးရှိပြီး အဆောက်အအုံ ၂၂ လုံး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်း မရှိပေ။
စီဘူအနီးရှိ ဘန်တာယန်ကျွန်းမှ ကက်သလစ်ဘုရားကျောင်းဟောင်းတစ်ခု၏ ခေါင်းလောင်းစင် ပြိုကျမလာမီ မီးသီးများဖြင့် အလှဆင်ထားသော ဘုရားကျောင်းတစ်ခုလုံး ပြင်းထန်စွာ ယိမ်းထိုးနေသည့် ရုပ်သံဖိုင်ကို ဒေသခံများက ရိုက်ကူးခဲ့ပြီး လူမှုကွန်ရက်တွင် မျှဝေခဲ့ကြသည်။
စီဘူတံတားတစ်ခု ပြင်းထန်စွာ ယိမ်းခါနေချိန်တွင် မော်တော်ဆိုင်ကယ်စီးနင်းသူများ ဆိုင်ကယ်ပေါ်မှ ဆင်းကာ တံတားလက်ရန်းများကို အသက်လုကိုင်ထားရသည့် မြင်ကွင်းများကိုလည်း ပြည်တွင်းရုပ်မြင်သံကြားများက ထုတ်လွှင့်ပြသခဲ့သည်။
စီဘူပြည်နယ်အစိုးရက ငလျင်အပြီးအခြေအနေအတွက် ကူညီရန် ဆေးဘက်ဆိုင်ရာစေတနာ့ဝန်ထမ်းများအား ၎င်း၏တရားဝင် Facebook စာမျက်နှာတွင် ပန်ကြားထားသည်။
“ပြိုကျတဲ့ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေတဲ့ လူတွေ ရှိနိုင်ပါတယ်” ဟု ပြည်နယ်ကယ်ဆယ်ရေးအရာရှိ ဝီလ်ဆင် ရာမို့စ်က AFP သတင်းဌာနကို ပြောခဲ့ပြီး စန် ရီမီဂျီယိုနှင့် ဘိုဂိုမြို့တို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ထပ်လောင်းပြောသည်။ ညအချိန် မှောင်မိုက်မှုနှင့် နောက်ဆက်တွဲငလျင်ငယ်များကြောင့် ညတွင်းချင်း ကယ်ဆယ်ရေးလုပ်ငန်းများ အခက်အခဲဖြစ်ခဲ့သည်ဟု သူက ဆိုသည်။
ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာရပ်ဆိုင်ရာဌာနက ဒေသအတွင်း နောက်ဆက်တွဲငလျင်ငယ် ၃၇၉ ခု လှုပ်ခတ်ခဲ့သည်ဟု ဆိုသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ညလုံးပေါက် ဆက်လက်လုပ်ဆောင်ခဲ့သည်။
စန်ဖာနန်ဒိုမြို့မှ စီဘူမီးသတ်သမား ဂျိုဝီ လီးဂွစ်က “ကျွန်တော်တို့ မီးသတ်စခန်းမှာ ငလျင်ဒဏ်ကို ခံစားလိုက်ရတယ်၊ အရမ်းပြင်တယ်။ ကျွန်တော်တို့ရဲ့လော့ကာတွေ ဘယ်ညာရမ်းနေတာကို တွေ့လိုက်ရပြီး ခဏတာ မူးဝေသွားပေမယ့် အခုတော့ အားလုံးအဆင်ပြေပါတယ်” ဟု AFP ကို ပြောသည်။
ဘုရားကျောင်း ခေါင်းလောင်းစင် ပြိုကျချိန်တွင် ဘန်တာယန်မြို့ရင်ပြင်အနီး၌ ရှိနေခဲ့သူ အသက် ၂၅ နှစ်အရွယ် မာသမ် ပါစီလန်က “ဘုရားကျောင်းဘက်ကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ကြားလိုက်ရပြီး အဆောက်အအုံပေါ်ကနေ ကျောက်တုံးတွေ ပြုတ်ကျလာတာကို တွေ့လိုက်ရတယ်။ ကံကောင်းစွာနဲ့ ဘယ်သူမှ ထိခိုက်ဒဏ်ရာမရခဲ့ပါဘူး” ဟု ဆိုသည်။
ဘန်တာယန်ရှိ စီးပွားရေးအဆောက်အအုံတစ်ခုနှင့် ကျောင်းတစ်ကျောင်း ပြိုကျခဲ့ပြီး ဘိုဂိုမြို့ရှိ စားသောက်ဆိုင်တစ်ခုလည်း အပြင်းအထန် ပျက်စီးခဲ့ကြောင်း စီဘူပြည်နယ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ ကျေးရွာလမ်းအချို့လည်း ပျက်စီးခဲ့သည်။
စီဘူပြည်နယ်အုပ်ချုပ်ရေးမှူး ပက်မီလာ ဘာရီကွာထရိုက သူ၏တရားဝင် Facebook စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ဗီဒီယိုဖြင့် ပြည်သူများအား “တည်ငြိမ်စွာနေထိုင်ပြီး ကွင်းပြင်များသို့ ရွှေ့ပြောင်းကြပါ၊ ပြိုကျနိုင်သော နံရံများ၊ အဆောက်အအုံများနှင့် ဝေးဝေးနေပြီး နောက်ဆက်တွဲငလျင်များအတွက် သတိရှိကြပါ” ဟု တိုက်တွန်းခဲ့သည်။
USGS က ငလျင်ပြင်းအားကို ၇.၀ ဟု ကနဦးထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ခဲ့ပြီး ပစိဖိတ်ဆူနာမီသတိပေးရေးစင်တာကမူ ငလျင်ကြောင့် ဆူနာမီအန္တရာယ်မရှိဟု ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံသည် ဂျပန်မှ အရှေ့တောင်အာရှကိုဖြတ်၍ ပစိဖိတ်သမုဒ္ဒရာတစ်လျှောက် ကျရောက်နေသော ငလျင်လှုပ်ခတ်မှုပြင်းထန်သည့် ပစိဖိတ် “မီးကွင်း” ပေါ်တွင် တည်ရှိသောကြောင့် ငလျင်လှုပ်ခတ်မှုသည် နေ့စဉ်နီးပါး ဖြစ်ပွားလေ့ရှိသည်။ ငလျင်အများစုမှာ လူများမခံစားနိုင်လောက်အောင် အားပျော့သော်လည်း အင်အားပြင်းပြီး ပျက်စီးစေနိုင်သော ငလျင်များမှာမူ မည်သည့်အချိန်၊ မည်သည့်နေရာတွင် လှုပ်ခတ်မည်ကို ကြိုတင်ခန့်မှန်းနိုင်သည့် နည်းပညာမရှိဘဲ လှုပ်ခတ်လေ့ရှိသည်။
သတင်း – AFP
#ဖိလစ်ပိုင်ငလျင် #လူ၆၉ဦးသေဆုံး#လူအများအပြားပျောက်ဆုံး #ThanLwinKhetNews