၈ ရက်အတွင်း ရန်ကုန်ရှိ မြို့နယ်အချို့တွင် မီးပြတ်မည်ဟု EPC ထုတ်ပြန်
**************
သံလွင်ခက်
ဧပြီ ၁၀၊ ၂၀၂၄။
၈ ရက်အတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းကို ယနေ့ ၁၀ ရက်ကနေ၁၇ ရက်အထိ ဆောင်ရွက်မည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းများ ပြုပြင်နေစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းနေမည်ဖြစ်သဖြင့် အရေးပေါ် ဝန်အားလျှော့ ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။
လျှပ်စစ်မီးပုံမှန်မရရှိသည့်အတွက် လောင်စာဆီအစားထိုးအသုံးပြုနေရသဖြင့် စျေးရောင်းချရာတွင် အရှုံးဖြင့်ရင်ဆိုင်နေရသည်ဟု မြောက်ဥက္ကလာပမြို့နယ်၌စျေးရောင်းချနေသူ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၄င်းက ” ဆိုင်မှာက အအေးပစ္စည်းတွေလည်းရောင်းတော့ မီးမမှန်တော့ မီးစက်နှိုးရတယ်။ မီးစက်နှိုးရတော့ မကိုက်တော့ဘူး။ အခုလည်း ထပ်ပြတ်မယ်လို့ ကြေညာထားတော့ ဘယ်လိုလုပ်ရမှန်းမသိဘူး။ အအေးပစ္စည်းတွေ ရောင်းတောင်မရောင်းချင်တော့ဘူး ” ဟုပြောသည်။
မြို့နယ်နေရာအချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဟု အသိပေးထားသော်လည်း အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပေ။
လက်ရှိတွင် ရန်ကုန်မြို့၌ ၁ ရက်လျှင် ၄ နာရီခြားတစ်ခါ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးနေသော်လည်း ပေးရမည့် ပုံမှန်အချိန်များတွင် လျှပ်စစ်မီး ပြတ်တောက်မှုများလည်းရှိသည်ဟု ဒေသခံများထံက သိရသည်။