တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုင်းလုံမြို့အား အောက်တိုဘာ ၂၂ ရက် အာရုဏ်တက်ချိန် နံနက် ၁ နာရီaခွဲခန့်တွင် စစ်တပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရွယ်မရောက်သေးသူ ကလေးငယ်တစ်ဦးနှင့် ဒေသခံအမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။
စစ်တပ်က မိုင်းလုံမြို့နယ်အတွင်းရှိ ပန်စံကျေးရွာအား ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချခဲ့ခြင်းကြောင့် အသက် ကိုးနှစ်အရွယ် မောင်ဆွေဆိုင်နှင့် အသက် ၃၅ နှစ်အရွယ် မထွေးဟန်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA မှ သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နေအိမ် လေးလုံး ထိခိုက်ပျက်စီးခဲ့သည်။
TNLA ထိန်းချုပ်ထားသည့် နယ်မြေများအတွင် စစ်တပ်သည် အောက်တိုဘာလ ၁ ရက်မှ ၂၁ ရက်အထိ သုံးပတ်အတွင်း ၃၅ ကြိမ်တိတိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များအား စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁၀ ဦး၊ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၂၁ ဦး သေဆုံးခဲ့သည်။ ထို့အပြင် သံဃာတော် နှစ်ပါး၊ ကလေးငယ် ၂၄ ဦး၊ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၁၈ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒေသခံများ၏ နေအိမ် ၁၇၀ နီးပါး၊ စာသင်ကျောင်း ငါးကျောင်း၊ ဘုန်းကြီးကျောင်း ခြောက်ကျောင်း၊ ကျောင်းဆောင် ရှစ်ဆောင်၊ အဆောက်အအုံ သုံးလုံး၊ ကြက်မွေးမြူရေးခြံ နှစ်ခြံ၊ ဆိုင်ခန်း ငါးခန်း၊ လက်ဖက်စက်ရုံ တစ်ရုံ၊ ဆိုင်ကယ် လေးစီးနှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့သည်။
စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာနေရာများသို့ လေကြောင်းမှ ဗုံးကြဲခြင်းအား နေ့စဉ် လုပ်ဆောင်နေခြင်းကြောင့် ဒေသခံများအနေဖြင့် လေကြောင်းရန် ကာကွယ်နည်းစနစ်များအား လေ့လာရန်နှင့် စစ်ရေးသတိရှိရန် တော်လှန်ရေးတပ်ဖွဲ့များမှလည်း သတိပေးထားသည်။
စစ်ကော်မရှင်တပ်သည် လာမည့် ဒီဇင်ဘာ ၂၈ တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာပြီးနောက် ၎င်းလက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများကို ပြန်လည်ရရှိရန် ထိုးစစ်ဆင်ခြင်းများကိုလည်း ဆက်တိုက်လုပ်ဆောင်နေသည်။
#tnlaထိန်းချုပ်နယ်မြေ #ဗုံး၃၅ကြိမ်ကြဲခံရ #ThanLwinKhetNews