နေပြည်တော် အေလာလေတပ် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခံရ
******
ယမင်းဖူးပွင့်အောင်
ဧပြီ ၁၁၊ ၂၀၂၄။
နေပြည်တော်အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု မြေပြင်သတင်း ရင်းမြစ်များထံက သိရသည်။
ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့သည်ဟု Brace Warriors For Myanmar-BWM အဖွဲ့က ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း လေတပ်အရာရှိအချို့နှင့်တပ်သားအချို့ သေဆုံးပြီး အများအပြားဒဏ်ရာရှိရှိခဲ့ကြောင်း Brace Warriors For Myanmar-BWM အဖွဲ့ကဆိုသည်။
ဧပြီလ ၄ ရက်ကလည်း အေလာလေတပ်အပါအဝင် စစ်ရုံးချုပ်၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နေအိမ် နေရာ ၃ နေရာကို ကာကွယ်ရေးတပ်ဖွဲ့များက ကာမီကာဇေဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါတိုက်ခိုက်မှုနောက်ပိုင်း လုံခြုံရေးဆက်တိုက်တင်းကြပ်ထားသောကြောင့် အေလာလေတပ်စခန်း တိုက်ခိုက်မှုစစ်ဆင်ရေးကို နောက်ရွှေ့ခဲ့သော်လည်း အောင်မြင်မှုရခဲ့သည်ဟု BWM အဖွဲ့တာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“အရမ်းတင်းကြပ်ပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့မစ်ရှင်နည်းနည်းကြာသွားတာပါ။ မူလက ဒီရက်ထက်စောလုပ်ဖို့ပါ။ လေတပ်အရာရှိနဲ့ တပ်သားတချို့သေတယ်လို့ ကနဦးသိရတယ်”ဟု ဆိုသည်။
ယခု မစ်ရှင်ကို Brave Warriors For Myanmar – BWMအဖွဲ့၏စီမံမှုဖြင့် Mountain Knights Civilian Defense Force – MKCDF က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အေလာလေတပ်စခန်းသည် စစ်ဗိုလ်ချုပ်များရုံးထိုင်ရာ လုံခြုံရေးအတင်းကြပ်ဆုံးနေပြည်တော်တွင် တည်ရှိပြီး SU-30 တိုက်လေယာဉ်များလည်း ထားရှိထားသည်။
အဆိုပါလေတပ်စခန်းမျိူးသည်ပင် တော်လှန်ရေးတပ်များ၏ လက်တကမ်းပစ်မှတ်အဆင့် ရောက်ရှိလာမည်ဖြစ်ပြီး နောက်ထပ်စစ်ရေးပစ်မှတ်များကိုလည်း တစိုက်မတ်မတ် ဆက်လက်တိုက်ခိုက်သွားမည်ဟု BWM က ဆိုသည်။
ယခုအကြိမ် တိုက်ခိုက်မှုသည် BWM အဖွဲ့ ၏ အေလာလေတပ်စခန်းကို ၄ ကြိမ်မြောက်တိုက်ခိုက်မှုဖြစ်သည်။
ဓာတ်ပုံ – BWM