အာဆီယံ ဥက္ကဋ္ဌတာဝန်ယူထားသည့် မလေးရှားနိုင်ငံတွင် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တက်ခွင့်ရမည် မဟုတ်ဟု အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်၏ ပြောဆိုချက်အား မလေးရှားသတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်။
၄၇ ကြိမ်မြောက် အာဆီယံနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများအား အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် အရှေ့တောင်အာရှ၏ စည်းလုံးညီညွတ်မှုနှင့် ဆက်လက်ချဲ့ထွင်မှုကို ဖော်ပြသည့် အနေဖြင့် အာဆီယံ၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်သည့် တီမော-လက်စ်တေကို တရားဝင်လက်ခံမည့် အခမ်းအနားလည်း ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာစတင်သိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ စတင်၍ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အား အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းကြောင့် ယခု အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် နောက်ဆက်တွဲ အစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ခံရခြင်း ဖြစ်သည်။
အာဆီယံ အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာအား ဖြေရှင်းရန် ဘုံသဘောတူညီချက် ၅ ချက် အပေါ် ဆက်လက် ရပ်တည်ဆဲဖြစ်သည်ဟု အဆိုပါ သတင်းဌာနတွင် မလေးရှားဝန်ကြီးချုပ်မှ ပြောခဲ့သည်။
မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသော “ပေါင်းစည်းမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု” (Inclusivity and Sustainability) ခေါင်းစဉ်အောက်တွင် ဒေသတွင်း ငြိမ်းချမ်းရေး၊ စီးပွားရေး ခံနိုင်ရည်ရှိမှုနှင့် အားလုံးပါဝင်သော တိုးတက်မှုတို့ကို ဆွေးနွေးရန် နိုင်ငံနှင့် အစိုးရအကြီးအကဲ ၃၀ ကျော် တက်ရောက်မည်ဟု သတင်းတွင် ဖော်ပြထားသည်။