အမေရိကန်စွမ်းအင်ကုမ္ပဏီအစုရှယ်ယာများ စစ်ကောင် စီထံလွှဲပေး
*******
သံလွင်ခက်
ဧပြီ ၉၊ ၂၀၂၄။
အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron သည် မြန်မာနိုင်ငံရှိ ရတနာသဘာဝဓာတ်ငွေ့လုပ်ငန်းကနေ နှုတ်ထွက် လိုက်ပြီဖြစ်သည်ဟု ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ယမန်နေ့ ဧပြီလ ၈ ရက် တနင်္လာနေ့တွင်ပြောကြားခဲ့သည်။
မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများကို ရှုတ်ချကြောင်း Chevron ပြောဆိုခဲ့ဖူးပြီး သဘာဝဓာတ် ငွေ့လုပ်ငန်းကနေနှုတ်ထွက်မည်ဟုလည်း အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာက ကြေညာခဲ့ဖူးသည်။
သို့သော် Chevron သည် မြန်မာနိုင်ငံတွင်းရှိစွမ်းအင်လုပ် ငန်းကနေ နှုတ်ထွက်သည်ဆိုခြင်းထက် ၎င်း၏အစုရှယ် ယာ ၄၁ ဒဿမ ၁ ရာခိုင်နှုန်းကို စစ်ကောင်စီလက်ဝါး ကြီးအုပ်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်း -MOGE ၊ ထိုင်းအစိုးရနှင့်ပုဂ္ဂလိကပိုင်ကုမ္ပဏီတစ်ခုဖြစ်သော PTTEP တို့ထံ ပြန်လည်ဝေမျှပေးခဲ့ခြင်းသာဖြစ်သည်။
PTTEP အနေဖြင့် ရတနာသဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ၎င်း၏အစုရှယ်ယာက ၆၂ ဒဿမ ၉၆ ရာခိုင်နှုန်းတိုးလာ သည်ဟု သောကြာနေ့တွင်ပြောဆိုခဲ့သည်။
မုတ္တမပင်လယ်ကွေ့တွင်တည်ရှိသော ရတနာသဘာဝဓာတ်ငွေ့လုပ်ငန်းသည် ၁ နှစ်လျှင် သဘာဝဓာတ်ငွေ့ကုဗ မီတာ ၆ ဘီလီယံ (၂၁၂ ဘီလီယံ ကုဗပေ) ဝန်းကျင်ထွက်ရှိပြီး ၇၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့တင်ပို့နေ၍ ၃၀ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတွင်းသုံးစွဲရန် MOGE ကထောက်ပံ့ပေးထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်ချိန်မှာတော့ MOGE ကိုလည်း မြန်မာစစ်တပ်က သိမ်းပိုက်လိုက်သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် Chevron က မြန်မာနိုင်ငံမှထွက်ခွာမည်ဟုပြောဆိုခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင်မူ Chevron သည် ၎င်း၏အစုရှယ်ယာများအား ရောင်းချရန်သဘောတူညီခဲ့သည်ဟု ထပ်မံပြောဆိုလာပြန်သည်။
၂၀၂၁ ခုနှစ်တွင် ပြင်သစ်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း TotalEnergies နှင့် Chevron တို့သည် ရတနာ သဘာဝဓာတ်ငွေ့လုပ်ငန်းထံပေးချေရမည့် ငွေကြေးအချို့ကို ပေးချေရန်ဆိုင်းငံ့ထားသဖြင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၏ ချီးကျူးဂုဏ်ပြုခြင်းခံခဲ့ရသည်။
အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန် ကလည်း ပြီးခဲ့သည့် နိုဝင်ဘာလတွင် MOGE ကိုငွေကြေးဝန်ဆောင်မှုများဆောင် ရွက်ပေးနေသည့် အမေရိကန်နိုင်ငံသားအချို့ကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနတော့ ပုဂ္ဂလိကပိုင်ကုမ္ပဏီများနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက် တစ်စုံ တစ်ရာပေးမည်မဟုတ်ဟု ပြောဆိုသည်။
Ref : Nikkei Asia
ဓာတ်ပုံ – ရိုက်တာ