လက်နက်ကြီးလေကြောင်းကြောင့် တရနာနှင့် ဓမ္မသရှိနေအိမ်များ မီးလောင်ပျက်စီး
******
သဇင်
ဧပြီ ၉၊၂၀၂၄။
မွမွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေ ကြောင်းကပါပစ်ခတ်နေသည့်အတွက် နေအိမ်များ မီးလောင်နေသည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ ဧပြီလ ၉ ရက် နံနက် ၁၀နာရီခွဲခန့်တွင် စစ်ကောင် စီက လေကြောင်းဖြင့် တရနာကျေးရွာအား ဗုံးကြဲခဲ့သည့် အတွက် တရနာရွာအစွန်ဘက်ရှိ (အရပ်ခေါ် ) မြန်မာစုရပ်ကွက်ရှိနေအိမ်များမီးလောင်နေသည်ဟု ဒေသခံများထံက သိရသည်။
လက်ရှိတွင် ကယ်ဆယ်ရေးအဖွဲ့ဝင်များက မီးငြှိမ်းသတ်နေသည်ဟု တရနာကျေးရွာဒေသခံ ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ ခုနကပဲ လေယာဉ်က မော်လမြိုင်ဘက် သွားလိုက်ပြီ။ အခုမီးလောင်နေရာကို ပြေးပြီး မီးသတ်နေကြတယ် ”ဟု ဆိုသည်။
ယမန်နေ့ ဧပြီလ ၈ ရက် နေ့လယ်ပိုင်းနှင့် ညပိုင်းတွင်လည်း ဓမ္မသကျေးရွာအား လေကြောင်းကထပ်မံတိုက် ခိုက်ခဲ့သည့်အတွက် နေအိမ်များမီးလောင်ဆုံးရှုံးခဲ့သည်ဟု ဓမ္မသကျေးရွာဒေသခံ ၁ ဦးက ပြောသည်။
၎င်းက “မနေ့က ၂ ခွဲကနေ ၆ နာရီထိ ပစ်ချပြီ တိတ်သွားတယ်။ ည ၉ နာရီမှာ ဗုံး ၃ လုံး ထပ်ချတာ ဓမ္မသရွာဘက်နဲ့ ကော့လမုရွာ အများကြီးလောင်တယ်။ ဒီဘက်ကလူတွေကတော့ အိမ်အောက်မှာ ပုန်းနေကြရတာပေါ့”ဟုဆိုသည်။
ဧပြီလ ၈ ရက် ည ၉ နာရီခန့်တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဓမ္မသကျေးရွာဘုန်းကြီး ကျောင်းအတွင်းကျရောက်ပေါက်ကွဲခဲ့ကာ ဘုန်းကြီး
ကျောင်းအဆောင်ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယင်းအပြင် ဧပြီလ ၈ ရက်ညပိုင်းတွင်လည်း ကျိုက်မရောမြို့နယ် ကော့သပ်၊ ကျွန်းကုန်း၊ သံကလောင်စသည့်ကျေးရွာများအပေါ်၌လည်း လေယာဉ်ပျံဝဲခဲ့သေးသည်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နှင့် ၂၈ရက်တွင် စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ဓမ္မသကျေးရွာရှိ နေအိမ် ၉၀ ရာခိုင်နှုန်းနီးပါး မီးလောင်ပြာကျခဲ့သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းရဲစခန်းကို KNU/KNLA လက်အောက်ခံစစ်ကြောင်း၊ မွန်တော် လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့်မတ်လ ၂၆ ရက်တွင် သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်သည် ဂျိုးမြစ်ဝှမ်းအတွင်းရှိ မွန်ကရင်အစပ်ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်သည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ဧပြီလ ၈ရက်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် ဓမ္မသရွာနေအိမ် မီးလောင်နေသည့် မြင်ကွင်းနှင့် ဘုန်းကြီးကျောင်းပျက်စီးမှုမြင်ကွင်း ။
************
Telegram– > https://t.me/ThanLwinKhetNews/4224
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=9084