နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်
*********
ယမင်းဖူးပွင့်အောင်
ဧပြီ ၆၊ ၂၀၂၄။
မြဝတီမြို့နှင့် ကော့ကရိတ်မြို့အကြား သင်္ကန်းညီနောင်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ဧပြီ ၁ ရက်ကစ၍ ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးအထူးတင်းကြပ်ထားပြီး ကင်းလှည့်မှုများဆောင်ရွက်နေသည်ဟု ထိုင်းဒေသတွင်းသတင်းဌာနများက ဖော်ပြသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက သင်္ကန်းညီနောင်ဗျူဟာရှိ စစ်ကောင်စီစခန်းများကို မတ်လနှောင်းပိုင်းကစတင်ထိုးစစ်ဆင်နေပြီး ယနေ့အချိန်အထိ တိုက်ပွဲပြင်းထန်လျက်ရှိသည်။
စစ်ကောင်စီကလည်း ၎င်းတို့စခန်းများမကျရှုံးစေရေးအတွက် လေ ကြောင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ အပြင်းအထန်ခုခံလျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ်အနီးဖြစ်ပွားနေသော တိုက်ပွဲအခြေအနေများကို ထိုင်းစစ်တပ်က သတိကြီးကြီးထားစောင့်ကြည့်နေပြီး ဂျက်တိုက်လေ ယာဉ်များဖြင့်ပါ ကင်းလှည့်မှုများဆောင်ရွက်နေသည်ဟု သိရသည်။
ဧပြီလ ၅ ရက်ကလည်း ထိုင်းအထူးတပ်ဖွဲ့(Special Task Force) က ဦးဆောင်၍ နယ်စပ်အနီးကင်းလှည့်ကာ လုံခြုံရေးဆောင်ရွက်နေပြီး နယ်စပ်တလျှောက်ရှိ ထိုင်းနယ်ခြားစောင့်စစ်စခန်းများကိုလည်း စစ်ရေးအသင့်ပြင် ထားရန် သတိပေးထားသည်ဟု ဆိုသည်။
ဓာတ်ပုံ – AEC