မြဝတီအနီးတိုက်ပွဲများတွင် လက်နက်အများအပြားသိမ်းဆည်းနိုင်ခဲ့
********
နန်းဆုပန်ခန့်
ဧပြီ ၆၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ဒေသရှိ စစ်ကောင်စီ၏ စကခ – ၁၂ လက်အောက်ခံ ခမရ – ၃၅၅၊ ၃၅၆၊ ၃၅၇ နှင့် ဗျူဟာကုန်းကိုအလုံးစုံသိမ်းပိုက်ရရှိပြီးနောက် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
မတ်လ ၇ ရက်ကစ၍ ခမရ – ၃၅၅ ကို တော်လှန်ရေးပူးပေါင်းတပ်များက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်းတွင်ပင်သိမ်းပိုက်နိုင်ခဲ့သလို မတ်လ ၁၅ ရက်တွင်လည်း ခမရ – ၃၅၆ ကိုသိမ်းပိုက်နိုင်ခဲ့သည်။
ယင်းအပြင် သင်္ဃန်းညီနောင်ဗျူဟာကုန်းကို ဧပြီ ၄ ရက်က စတင်တိုက်ခိုက်ခဲ့ရာ ဧပြီ ၅ ရက် ညနေ ၃ နာရီ ဝန်းကျင်တွင် အဆိုပါဗျူဟာကုန်းကို အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်။
တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည့်ဗျူဟာကုန်းစခန်းကနေ လက်နက်ခဲယမ်းအများအပြားရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော က သံလွင်ခက်ကိုပြောသည်။
“ခမရ – ၃၅၅၊ ၃၅၆၊ ၃၅၇ နဲ့ ဗျူဟာကုန်းကိုအကုန်လုံးရသွားပြီ။ လက်နက်တွေဆိုရင်လည်း အခုချိန်အထိ သိမ်းလို့မကုန်သေးဘူး” ဟု ယနေ့ နေ့လယ် ၁၁ နာရီခွဲက ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ပြောသည်။
ယခုလက်ရှိမှာတော့ သင်္ဃန်းညီနောင်တွင် စစ်ကောင်စီတပ်စခန်းများမရှိတော့ဘဲ မြဝတီမြို့ပေါ်ရှိ ခလရ – ၂၇၅ တစ်ရင်းတည်းသာကျန်ရှိနေတော့သည်။
သင်္ဃန်းညီနောင်ဗျူဟာကိုတိုက်ခိုက်ခဲ့စဥ်တွင် စစ်ကောင်စီတပ်သား ၅၀၀ ကျော် တပ်မဟာ ၇ ထံ လက်နက်ချခဲ့သည်ဟု မြေပြင်ရဲဘော် ၁ ဦးကပြောသော်လည်း သံလွင်ခက်အနေဖြင့် သီးခြားအတည်မပြုနိုင်သေး ပါ။
၎င်းက ” အဲဒီကုန်းကစစ်သားတွေ အယောက် ၅၀၀ ကျော်လောက် လက်နက်ချတယ်တဲ့။ တပ်မဟာ ၇ ဘက်ကို။ သေချာတော့မသိရသေးဘူး။ ကျွန်တော်တို့ဘက်ကိုလည်းလက်နက်မချရဲဘူးလေ ” ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၃ ရက်တွင်လည်း တပ်မဟာ ၇ အတွင်းနယ်မြေ ဘားအံခရိုင်၊ နဘူးမြို့နယ်ရှိ စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်းကို ပူး ပေါင်းတပ်များကသိမ်းပိုက်နိုင်ခဲ့သည်။
သင်္ဃန်းညီနောင်ရှိတပ်ရင်းများကို မတ်လ ၇ ရက်ကစတင်ထိုးစစ်ဆင်ခဲ့ရာ ထိုးစစ် ၁ လနီးပါးကာလအတွင်း တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ကာကင်းစခန်းကုန်း၊ တပ်ရင်းနှင့် အထိုင်ချစခန်း ၁၁ ခု ကို တော်လှန်ရေးပူးပေါင်းတပ်များကသိမ်းပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ။
ပုံစာ – သင်္ဃန်းညီနောင်ဗျူဟာကုန်းသိမ်းပိုက်အပြီး သိမ်းဆည်းနိုင်ခဲ့သောလက်နက်ခဲယမ်းအချို့။
************
Telegram– > https://t.me/ThanLwinKhetNews/4204
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=9014