ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းကို မြန်မာဆိုင်ရာ ကုလအထူးသံတမန်အဖြစ်ခန့်အပ်
******
ကောင်းချစ်အောင်
ဧပြီ ၆၊ ၂၀၂၄။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ မစ္စ ဂျူလီ ဘိရှော့ပ် (Ms. Julie Bishop) ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်အဖြစ် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယမန်နေ့က ခန့်အပ်လိုက်သည်ဟု သိရသည်။
ယခင် ကုလအထူးသံတမန်အဖြစ်တာဝန်ယူထားသူ စင်ကာပူနိုင်ငံက မစ္စ နိုလင်းဟေဇာသည် ၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်တွင် သူမ၏သက် တမ်းကုန်ဆုံးခဲ့ပြီးနောက် ၁၀ လအကြာတွင် သံတမန်အသစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။
အထူးသံတမန်အသစ်ဖြစ်လာသူ မစ္စ ဘိရှော့ပ် သည် နိုင်ငံရေး၊ ဥပဒေရေး၊ စီမံခန့်ခွဲရေးနှင့် ခေါင်းဆောင်မှုဆိုင်ရာ အခန်းကဏ္ဍများတွင် အတွေ့အကြုံများသူ ဟု ကုလသမဂ္ဂက ထုတ်ပြန်သည်။
မစ္စ ဂျူလီဘိရှော့ပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်မင်ရင်းနှီးသူဖြစ်သည့်အပြင် ၂၀၁၇ ခုနှစ်တွင်လည်း ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်ခံရမှုကိစ္စ စုံစမ်းစစ်ဆေးရေးနှင့်ပတ်သက်ပြီး ထိုစဉ်က မြန်မာအစိုးရကို ဖိအားပေးတောင်းဆိုခဲ့ဖူးသည်။
မစ္စ ဘိရှော့ပ် သည် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၃ ခုနှစ် ကနေ ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ဩစတြေးလျအမျိုးသားတက္ကသိုလ်၏ အဓိပတိအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
ဓာတ်ပုံ – Australia Ministry of Foreign Affairs
ပုံစာ -၂၀၁၆ ခုနှစ် လာအိုနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စ ဘိရှော့ပ် ကို အတူတွေ့ရစဉ်။