တရားမဝင်နယ်စပ်ဖြတ်ကျော်မှုကြောင့် ထိုင်းအာဏာပိုင်များဖမ်းဆီးခံရမှုတွင် မြန်မာလူငယ်အများဆုံးပါဝင်
*************
ယမင်းဖူးပွင့်အောင်
ဧပြီ ၂၊ ၂၀၂၄။
ပြီးခဲ့သည့် မတ်လအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ရာတွင် မြန်မာနိုင်ငံမှ လူငယ်များအများစုပါဝင်နေသည်ဟု သိရသည်။
မတ်လအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး အများစုမှာ အသက် ၁၈ မှ ၂၅ နှစ်အရွယ်ရှိသူများဖြစ်သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်နေသည့်အဖွဲ့အစည်းများ၏ စာရင်းများအရသိရသည်။
“နေ့တိုင်းလိုလိုပဲ အဖမ်းဆီးခံနေရတာ။ သတင်းတွေလည်း ကြားနေကြတာပဲ။ ဒါပေမယ့် ပြည်တွင်းအခြေအနေက စစ်မှုထမ်းရမယ်ဆိုတာရော၊ အလုပ်အကိုင်အခွင့်အလမ်းက ဘာမှမရှိကြတော့ အဖမ်းခံရလည်း ကံပဲ ဆိုပြီး ထွက်လာနေကြတာ။ ဒီအတိုင်းဆို ဟိုဘက်ခြမ်းက ဖမ်းမှာကြောက်လို့ ပြေးလာကြရတာ၊ ဒီဘက်ကလည်းဖမ်းဆိုတော့ အတော်စိတ်ပူနေရတဲ့ အခြေအနေဖြစ်နေတယ်” ဟု ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ ဒေသခံလူမှုကူညီလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြုပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်သည့် အသက်အရွယ်အပိုင်းအခြား လူငယ်လူရွယ်များက ပြည်ပနိုင်ငံသို့ ထွက်ခွာမှုများပြားလာကြသည်။
လွန်ခဲ့သည့် ၁လခန့်မှစ၍ မြဝတီ-မဲဆောက်နယ်စပ်ရှိ အမှတ် ၁ တံတားကိုဖြတ်ကျော်ရာတွင် ထိုင်းတာဝန်ရှိသူများက လူငယ်များကို အလွယ်တကူ ဖြတ်သန်းခွင့်မပေးသည့်အပြင် မဲဆောက်တွင်နေထိုင်ရန် အာမခံပေးမည့်သူတစ်ဦးအားခေါ်ဆောင်ခိုင်းသည်ဟု မြန်မာလူငယ် တစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်ပြီးချိန်တွင် အထောက်အထားမခိုင်လုံသဖြင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီး ထိုင်းဘတ်ငွေ ၈၀၀၀(မြန်မာကျပ်ငွေ ၈၀၀၀၀၀ နီးပါး) ပေး၍ ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု အဆိုပါ လူငယ်က ပြောသည်။
“အစက ဘတ် ၁၀၀၀၀ တောင်းတာ၊ ကျွန်တော်နဲ့ သူငယ်ချင်း ၂ယောက်ပေါင်းမှ ၃၀၀၀ပဲပါလာတာ။ ဈေးဆစ်တော့ ၈၀၀၀နဲ့ရတယ်။ လိုတာကို ချေးငှားပြီးပေးခဲ့ရတယ်။ အခုလဲ အဲဒီအကြွေးဆပ်ဖို့ နေ့စားလုပ်နေရတယ်။ တံတားပေါ်ကဆို လူငယ်တွေကိုပေးမဖြတ်ဘူး သတင်းကြားလို့ အဆင်ပြေသလို လာခဲ့တာ” ဟု၎င်းက ပြောသည်။
ဖမ်းဆီးခံရပြီး မြန်မာပြည်သို့ ပြန်လည်အပ်နှံခံရပါက စစ်မှုထမ်းရန်ခေါ်ဆောင်သွားမည်ကို စိုးရိမ်ကြသဖြင့် ငွေကြေးမတတ်နိုင်သော်လည်း ပေးဆောင်ရခြင်းဖြစ်သည်ဟု လူငယ်များက ဆိုကြသည်။
အချို့မှာ ဖြတ်သန်းသွားလာခြင်း၊ အလုပ်ချိတ်ဆက်ခြင်းအတွက် ပွဲစားခအဖြစ် ထိုင်းဘတ်ငွေ ၈၀၀၀ မှ ၂၀၀၀၀(မြန်မာကျပ်ငွေ ၈ သိန်းဝန်းကျင်မှ ၂၀ သိန်း)အထိပေးဆောင်ခဲ့ရခြင်းများရှိခဲ့သော်လည်း စစ်ဆေးဖမ်းဆီးချိန်တွင် ပွဲစားများ၊ ပို့ဆောင်သူများက ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်၊ တက်ချ်ခရိုင်၊ စခလပူရီခရိုင်တို့တွင် အများဆုံးဖမ်းဆီးခံရခဲ့ပြီး ထိုင်းစစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က နေရပ်ပြန်ပို့လေ့ရှိသည်။
တရားဝင်လမ်းကြောင်းဖြစ်သည့် နယ်စပ်ဖြတ်ကျော်ဂိတ်များနှင့် လေဆိပ်တို့မှ ဝင်ရောက်ရာတွင် ထိုင်းအာဏာပိုင်များက စစ်ဆေးမေးမြန်းခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံသို့ ပြန်လွှတ်နေသောကြောင့် တရားမဝင်နည်းလမ်းများကိုသာ ရွေးချယ်နေရခြင်းဖြစ်နိုင်သည်ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း- FED ၏ အမှုဆောင် ဒါရိုက်တာဦးထူးချစ်က ပြောသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဖူးခက်လေဆိပ်တို့၊ ဘန်ကောက်လေဆိပ်ကတို့ လာတဲ့သူတွေပြန်ပြီးတော့ ပို့တာမျိုး ဖြစ်တယ်။ လေယာဉ်လက်မှတ်တွေလည်း ဆုံးရှုံးသေးတယ်။ ထိုင်းထဲလည်း တရားဝင်ဝင်လို့မရဘူး ဆိုပြီးတော့ တရားမဝင်နည်းလမ်းတွေကိုပဲ ရွေးချယ်နေကြတယ်။ အခုက နယ်စပ်ကဝင်တာရော၊ လေဆိပ်က ဝင်တာတွေရော တအားစီစစ်နေတာတွေ့ရတယ်။ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၃၀လောက်နေလာတဲ့ ကျွန်တော်တို့ ကိုယ်တိုင်တောင်မှ လေယာဉ်ကွင်းတွေမှာ မေးမြန်းစုံစမ်းမှုတွေလုပ်တယ်။ မြန်မာပြည်ပြန်ရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ကြုံခဲ့ဖူးတယ်” ဟုပြောသည်။
အဆိုပါ နယ်စပ်ဂိတ်များနှင့် လေဆိပ်များတွင် ထိုင်းအရာရှိများက အဂတိလိုက်စားခြင်း၊ အခကြေးငွေပေးမှသာ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပေးခြင်းများ ပြုလုပ်နေပြီး ထိုင်းအစိုးရအနေဖြင့် ၎င်းတို့၏ ဝန်ထမ်းများကို စနစ်တကျ ထိန်းကျောင်းတည့်မတ်ရန်လိုအပ်သည်ဟု ဦးထူးချစ်က အကြံပြုပြောဆိုထားသည်။
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများသည် ဥပဒေအရ အရေးယူခြင်းခံရမည်ဟု ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်းက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။