မြန်မာဒုက္ခသည်များအတွက် လူသားချင်းစာနာမှုအကူအညီများ ထိုင်းပေးအပ်
*******
သံလွင်ခက်
မတ် ၂၅၊ ၂၀၂၄။
ထိုင်း – မြန်မာကြက်ခြေနီအသင်းတို့ကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ မတ်လ ၂၅ ရက်တွင် တာခ့်ခရိုင်၊ မဲဆောက်မြို့ဘက်ခြမ်းရှိ ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ တွင် ကျင်းပခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါအခမ်းအနားတွင် မဲဆောက်ကြက်ခြေနီခရိုင်ရုံးခွဲမှ မြဝတီခရိုင် ကြက်ခြေနီအသင်းဥက္ကဋ္ဌထံ လူ ၂၀,၀၀၀ နီးပါးအတွက် ဆေးပစ္စည်းများပါဝင်သော အရေးပေါ်ကယ်ဆယ်ရေးအိတ် ၄၀,၀၀၀ ကျော်အပြင် ဆန်၊ ရိက္ခာ ခြောက်နှင့် အခြားလိုအပ်သော ပစ္စည်းများပေးအပ်ခဲ့သည်ဟု သိရသည်။
အခမ်းအနားသို့ ထိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး၊ ဒေသခံအာဏာပိုင်များအပါအဝင် တာခ့်ခရိုင်တာဝန်ရှိသူများနှင့် ကရင်ပြည်နယ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
လွှဲပြောင်းပေးအပ်သည့်အခမ်းအနားအပြီးတွင် အရေးပေါ်ဆေးအိတ် ၄၀,၀၀၀ ကျော်ပါဝင်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်ရေး ပထမဆုံးယာဥ်တန်းသည် ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကတဆင့် မြန်မာနိုင်ငံတွင်းဝင်ရောက်သွားပြီး ကရင်ပြည်နယ်ရှိ ဒုက္ခသည်များနေထိုင်ရာနေရာ ၃ နေရာ ကို ပေးအပ်ခဲ့သည်ဟု သိရသည်။
Ref: Ministry of Foreign Affairs, Kingdom of Thailand
ဓာတ်ပုံ – Ministry of Foreign Affairs, Kingdom of Thailand