မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာဟု စစ်ခေါင်းဆောင်ဆိုပြန်
*****
သံလွင်ခက်
မတ် ၂၅၊ ၂၀၂၄။
မြန်မာ့စီးပွားရေးသည် ပြန်လည်ဦးမော့လာသည့်အခြေအနေကို ရောက်ရှိနေပြီဖြစ်သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
မတ်လ ၁၈ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံI TAR-TASS Media က ရုရှား – မြန်မာ နှစ်နိုင်ငံ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းရာတွင် စစ်ခေါင်းဆောင်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ အားသွန်ခွန်စိုက်ကြိုးစားမှုကြောင့် စီးပွားရေး ပြန်လည်နာလန်ထူလာခြင်းဖြစ်သည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။
၎င်းက ” မြန်မာနိုင်ငံဟာ ကိုဗစ်ရောဂါဖြစ်တာနဲ့အတူတူပဲ။ တစ်ကမ္ဘာလုံးမှာဖြစ်တဲ့ဟာတစ်ခုကတော့ စီးပွားရေးကျဆင်းမှုပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံလည်း စီးပွားရေးကျဆင်းမှုဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီကိုဗစ်ရောဂါကြောင့် ဖြစ်တာမဟုတ်ဘဲနဲ့ ၂၀၁၈ ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးစီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် ကျဆင်းခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ စီးပွားရေး ပြန်လည်နာလန်ထူမှုဖြစ်အောင် အားသွန်ခွန်စိုက်ကြိုးစားခဲ့တဲ့အတွက် ကျွန်တော်တို့ စီးပွားရေး နာလန်ထူတာလည်းရှိပါတယ်။ ဒီအတွက်လည်း တော်တော်လေး ကျွန်တော်တို့ရုန်းကန်ခဲ့ရတာရှိတယ်။ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ တောက်လျှောက်ကို စီးပွားရေး ပြန်လည်ဦးမော့လာတဲ့အခြေအနေတော့ ကျွန်တော်တို့ရရှိခဲ့ပါတယ် “ဟု စစ်ခေါင်းဆောင်က ဆိုသည်။
ကမ္ဘာ့ဘဏ်၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက စီးပွားရေး ၁၀ ရာခိုင်နှုန်းဆက်လက်နိမ့်ကျလျက်ရှိပြီး အရှေ့အာရှဒေသတွင် ကမ္ဘာ့ကပ်ရောဂါ မတိုင်မီရှိခဲ့သည့် စီးပွားရေးအခြေအနေသို့ ပြန်မရောက်နိုင်သော တစ်ခုတည်းသောနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ် မတ်လအထိ တစ်နှစ်အတွင်း ၁ ရာခိုင်နှုန်းသာရှိခဲ့ပြီး ပဋိပက္ခများ ဖြစ်ပွားမှုအရှိန်အဟုန် ဆက်လက်မြင့်မားလာခြင်းမရှိဘူးဆိုလျှင်ပင် လာမည့် ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေး တိုးတက်မှုနှေးကွေးနေဦးမည်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်သွယ်မှုကဏ္ဍအပါအဝင် ကုန်ထုတ်ကဏ္ဍများ၌ နှေးကွေးကြန့်ကြာမှုများ ဆက်လက်ကျယ်ပြန့်လာနိုင်သည်ဟု ဖော်ပြထားသည်။
************
Telegram– > https://t.me/newstlk/3971
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8646