စစ်မှုထမ်းဥပဒေကို တစ်နိုင်ငံလုံးရှိ မြို့နယ်ထက်ဝက်ကျော်တွင်သာအကောင်အထည်ဖော်နိုင်
*****
ယမင်းဖူးပွင့်အောင်
မတ် ၂၅၊ ၂၀၂၄။
မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်းထက်ဝက်ကျော်တွင်သာ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နိုင်တော့သည်ဟု လေ့လာသူများထံက သိရသည်။
မတ်လ ၂၂ ရက်အထိစုစည်းထားသည့် အချက်အလက်များအရ မြို့နယ်ပေါင်း ၁၇၂ မြို့နယ်တွင် စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရန် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း၊ စစ်မှုထမ်းအသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန်ဆင့်ခေါ်ခြင်းများ စတင်လုပ်ဆောင်နေသည်ဟု Data For Myanmar က ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်တွင် ၅ မြို့နယ်၊ ကရင်ပြည်နယ်တွင်၂ မြို့နယ်၊ချင်းပြည်နယ်တွင် ၅ မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၅ မြို့နယ်၊ တနင်္သာရီတိုင်းတွင် ၇ မြို့နယ်၊ ပဲခူးတိုင်းတွင် ၁၇ မြို့နယ်၊ မကွေးတိုင်းတွင် ၁၁ မြို့နယ်၊ မန္တလေးတိုင်းတွင် ၁၃ မြို့နယ်၊ မွန်ပြည်နယ်တွင် ၆ မြို့နယ်၊ ရခိုင်ပြည်နယ်တွင် ၉ မြို့နယ်၊ ရန်ကုန်တိုင်းတွင် ၃၂ မြို့နယ်နှင့် ရှမ်း/တောင်တွင် ၁၃ မြို့နယ်၊ ရှမ်းမြောက်တွင် ၆ မြို့နယ်၊ ရှမ်းအရှေ့တွင် ၂ မြို့နယ်၊ ဧရာဝတီ တိုင်းတွင် ၂၁ မြို့နယ်နှင့် နေပြည်တော်တွင် ၈ မြို့နယ် စသည့် ၁၇၂ မြို့နယ်တွင် စစ်မှုထမ်းရန် စစ်ကောင်စီက အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် မြို့နယ်ပေါင်း ၁၇၂ မြို့နယ်၌သာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်နိုင်တော့သည့်အတွက် စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ထက်ဝက်ကျော်တွင်သာ စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်နိုင်ခြင်းဖြစ်သည်။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက် ထက်တွင်ရေးဆွဲခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက်သွင်းခဲ့သည်။
သင်္ကြန်ကာလအပြီး လာမည့်ဧပြီလတွင် စစ်မှုထမ်းရန် ဆင့်ခေါ်သွားမည်ဟု စစ်ကောင်စီဘက်က ကြေညာထားသော်လည်း သတ်မှတ်ကာလထက်စော၍ စစ်မှုထမ်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေသည်။
မန္တလေးမြို့ဒေသခံ ၁ ဦးက “ ရပ်ကွက်ထဲမှာ အစပိုင်းတော့ ဧည့်စာရင်းကောက်တာလိုလို စာရင်းကောက်တာတွေလုပ်တယ်။ လက်ရှိမှာတော့ ပေါ်ပေါ်တင်တင်ပဲ စာရွက်စာတမ်းတွေဝေပြီး ရုံးကိုလာခိုင်းတာမျိူးလုပ်လာပြီ။ အခုလည်း တော်တော်ဆိုးနေပြီ။ ဒီထက်လည်းပိုဆိုးလာဖို့ပဲရှိတယ်” ဟု သံလွင်ခက်ကိုပြောသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်-မြန်မာနယ်စပ်ဒေသများက အရေးပါသော မြို့ပေါင်း ၁၇ မြို့ကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရသည်။
ထို့ပြင် ၁၁၁၁ စစ်ဆင်ရေးအတွင်း မြို့ပေါင်း ၇ မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု ကရင်နီပူးပေါင်းတပ်များက မတ်လ ၂၃ ရက်တွင်ထုတ်ပြန်သည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော် – AA ကလည်း မြို့နယ်ပေါင်း ၉ မြို့နယ်ကို သိမ်းပိုက်ထားပြီး ချင်းတော်လှန် ရေးတပ်ဖွဲ့များကလည်း မြို့ပေါင်း ၇ မြို့ သိမ်းပိုက်ထားနိုင်သည်ဟု သိရသည်။
အညာဒေသရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များအားကောင်းသည့်နေရာများတွင် စစ်ကောင်စီက နယ်မြေစိုးမိုးနိုင်ခြင်းမရှိတော့ဘဲ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီ စသည့် စစ်ကောင်စီအပြည့်အဝထိန်းချုပ်နေရာများတွင်သာ စစ်မှုထမ်းဥပဒေလုပ်ငန်းစဉ်များ စစ်ကောင်စီကဆောင်ရွက်နေနိုင်ခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
စစ်မှုထမ်းရန် အကြောင်းအမျိုးမျိုးပြ၍ ပျက်ကွက်မည်ဆိုလျှင်လည်း ထောင်ဒဏ် ၅နှစ်ကျခံရမည်ဟု စစ်ကောင်စီက ပြစ်ဒဏ်ချမှတ်ထားသည်။
စစ်မှုထမ်းဥပဒေကြောင့် အများပြည်သူများ အခက်အခဲကြုံတွေ့နေရသည်ကို လက်ပိုက်ကြည့်မနေဘဲ နိုင်ရာတာဝန်ကို ထမ်းဆောင်မည်ဖြစ်ကာ ယင်းဥပဒေကို အကောင်အထည်ဖော်နေကြသည့် စစ်ကောင်စီဝန်ထမ်းများကိုလည်း ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု တော်လှန်ရေးတပ်ဖွဲ့အသီးသီးက ထုတ်ပြန်ကြေညာထားသည်။
************
Telegram– > https://t.me/newstlk/3973
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8652