ယက်ဖ်တူရှင်ကိုမိတ်ဆက် (ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်)
*********
“ကဗျာဆရာဆိုတာ သာမန်ပြည်သူတွေနဲ့ထိတွေ့ဆက်စပ်နေဖို့ပါပဲ”
သံလွင်ခက်
မတ် ၂၁၊ ၂၀၂၄။
UNESCO – ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဥ်ကျေးမှုအဖွဲ့ကြီးက မတ်လ ၂၁ ရက်ကို ကမ္ဘာ့ကဗျာနေ့အဖြစ် ၁၉၉၉ ခုနှစ်ကစတင်၍သတ်မှတ်ခဲ့လေသည်။ ၂၀ ရာစုမတိုင်ခင်အချိန်များကမူ ကမ္ဘာ့ကဗျာနေ့ကို အောက်တိုဘာလ ၅ ရက်တွင် အများအားဖြင့်ကျင်းပလေ့ရှိသော်လည်း ၂၀ ရာစုနောက်ပိုင်းနှစ်များမှာတော့ ကဗျာစာဆိုရှင် ဗာဂီလ် ၏ မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့အဖွဲ့အစည်းများက အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပလေ့ရှိခဲ့ပါသည်။
ကုလသမဂ္ဂက မတ်လ ၂၁ ရက်ကို ကမ္ဘာ့ကဗျာနေ့အဖြစ်သတ်မှတ်ထားသော်လည်း နိုင်ငံအများစုမှာတော့ အောက်တိုဘာလရောက်တိုင်း ကမ္ဘာ့ကဗျာနေ့ကို အစဥ်အလာမပျက်ကျင်းပလေ့ရှိကြသည်။ တချို့နိုင်ငံများတွင် လည်း အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာ ရက် ၁ ရက်တွင် တစ်လှည့်စီကျင်းပလေ့ရှိသည်။
မတ်လ ၂၁ ရက်သည် ကမ္ဘာ့ကဗျာနေ့ဖြစ်သည်နှင့်အညီ မြန်မာ့ကဗျာဆရာကြီး မောင်သင်းခိုင်၏မွေးနေ့လည်းဖြစ် သောကြောင့် ယခင်ကဆိုလျှင် အလယ်ရိုးမခေတ်ပေါ်ကဗျာဆုပေးပွဲအခမ်းအနားများ ပျဥ်းမနားမြို့တွင်ကျင်းပလေ့ရှိခဲ့သည်။
*********
ယက်ဖ်တူရှင်ကိုသည် ဆိုက်ဘေးရီးယားသို့နယ်နှင်ခံခဲ့ရသော ယူကရိန်းနယ်သားတို့ကဆင်းသက်လာသည့် စတုတ္ထ မျိုးဆက်ဖြစ်သည်။ ၁၉၃၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်တွင် ဆိုက်ဘေးရီးယားရှိ ကျေးလက်စခန်းတစ်ခုတွင်မွေးဖွားခဲ့သည်။
“Zima Junction” သည် ယက်ဖ်တူရှင်ကို၏ နာမည်ကျော်ကဗျာရှည်တစ်ပုဒ်ဖြစ်ပြီး ဆရာကြီးမြသန်းတင့် က “ဇီမာလမ်းဆုံ”အမည်ဖြင့် မြန်မာဘာသာပြန်ဆိုခဲ့သည်။
ဇီမာလမ်းဆုံ
*****
အသက်ကြီးလာလေလေ ပိုပြီး ရိုးသားလာလေတဲ့။
လူတွေရဲ့ ပြောင်းလဲမှုတွေဟာ
ငါ့အဖို့ ဘာသာစကားတစ်ရပ်နဲ့ တူနေတယ်။
တကယ်လို့ ခုမင့်ကို ငါမြင်တဲ့ အမြင်ဟာ
ဟိုတုန်းက မင့်ကို ငါမြင်တဲ့ အမြင်နဲ့ မတူဘူးဆိုရင်
ခု မင့်ကို ငါမြင်တဲ့ အမြင်ဟာ
အသစ်ဖြစ်နေတယ်ဆိုရင်
ငါ့ကိုယ်ငါ အသစ်ပြန်လည်တွေ့ရှိလို့ပါပဲ။
ဆရာမြသန်းတင့်ဘာသာပြန်ခဲ့သော ဇီမာလမ်းဆုံကဗျာရှည်ကစာသားများဖြစ်သည်။ ယင်းစာသားများတွင် ယက်ဖ်တူရှင်ကို က လူတို့၏ပြောင်းလဲနေခြင်းများက သူ့အတွက်တော့ ဘာသာစကားတစ်ရပ်နှင့်တူကြောင်း ဖွဲ့ဆို ထားသည်ကို တွေ့ရနိုင်သည်။ စင်စစ်တော့လည်း ကဗျာဆရာဟူသည်က အသစ်အသစ်သော ဘာသာစကားများ ကို တိုးချဲ့ဆန့်ထွင်နိုင်ရန် စမ်းသပ်နေကြသူများသာဖြစ်ပါသည်။
J.D. Salinger ရေးသားသည့် The Catcher in the Rye သည် ကမ္ဘာ့စာပေလောက အထူးသဖြင့် လူငယ်ထုကြား ရေပန်းစားခဲ့သောဝတ္ထုဖြစ်သည်။ ယင်းဝတ္ထုတွင် ဂျေဒီ ဆလင်ဂျာ က ထိုခေတ်၏အမေရိကန်လူငယ်များသုံးနှုန်း သောဗန်းစကားများကို ဝတ္ထုအတွင်းထည့်သွင်းရေးသားခဲ့သဖြင့် ဘာသာပြန်ဆိုရန်ခက်ခဲသောစာအုပ်လည်း ဖြစ်သည်ဟု ပညာရှင်များက ဆိုခဲ့ကြပါသည်။
ဘာသာပြန်ဆိုရန်ခက်ခဲသော်လည်း ဆရာကြီးမြသန်းတင့် က မြန်မာလူငယ်များသုံးစွဲသောဗန်းစကားများအသုံးပြု ပြီး ယင်းဝတ္ထုကို “လေလွင့်သူ” အမည်ဖြင့်ဘာသာပြန်ဆိုခဲ့ပြီး မျက်မှောက်ခေတ်အထိလည်း အကြိမ်ကြိမ်ပြန်လည် ရိုက်နှိပ်နေရသော ဘာသာပြန်ဝတ္ထုကောင်းကြီးတစ်ပုဒ်ဖြစ်သည်။
ဘာသာစကားသည် စာရေးခြင်းအတတ်ပညာတွင်အရေးကြီးပါသည်။ အထူးသဖြင့် ကဗျာရေးသူများအတွက် ဘာသာစကားအလုပ်လုပ်ပုံက လွန်စွာမှပင်အရေးကြီပါသည်။ ဗန်းစကားနှင့်ပတ်သက်ပြီး The Catcher in the Rye အရေးပါပုံကို ယက်ဖ်တူရှင်ကို က ပလေးဘွိုင်မဂ္ဂဇင်းနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ယခုကဲ့သို့ဖြေဆိုခဲ့ဖူးပါသည်။
ပလေးဘွိုင် – အမေရိကန်စာရေးဆရာ ဂျေဒီ ဆလင်ဂျာ ကို ဆိုဗီယက်ပြည်ထောင်စုမှာ ဘာကြောင့် လူကြိုက်များနေရတာလဲ ဆရာ။
ယက်ဖ်တူရှင်ကို – The Catcher in the Rye (မြသန်းတင့် ဘာသာပြန် လေလွင့်သူ) စာအုပ်က အဓိက အကြောင်းအရင်းပါပဲ။ ဒီစာအုပ်က ဘာသာပြန်ဖို့အလွန်ခက်တဲ့စာအုပ်ပါ၊ ဘာကြောင့်လဲဆိုတော့ဆယ်ကျော်သက် ရွယ်တွေပြောဆိုတဲ့ ဗန်းစကားတွေနဲ့ရေးထားလို့ပါပဲ။ ဒါပေမယ့် ဒီစာအုပ်ဘာသာပြန်ကကောင်းပါတယ်။ ရုရှ ဘာသာပြန်ဆရာကလည်း သိပ်တော်တဲ့သူကိုး။ ရီတာရိုက်ကိုဗာလီဗာ ဆိုတဲ့အမျိုးသမီးပါ။ သူက ကျွန်တော်တို့ရုရှ မှာ နာမည်အကျော်ဆုံး ကဗျာဆရာကြီးတစ်ဦးဖြစ်တဲ့ မာယာကော့ဖ်စကီးရဲ့ မိတ်ဆွေတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဂျေဒီ ဆလင်ဂျာရဲ့ဝတ္ထုကို ဘာသာပြန်ရာမှာ ရုရှဆယ်ကျော်သက်တွေသုံးစွဲတဲ့ ဗန်းစကားနဲ့ အရအမိပြန်ဆိုခဲ့ တာပါ။ ဒါမျိုး အရင်ကမပေါ်ဖူးသေးပါဘူး။ ဒါကြောင့် ဝတ္ထုဘာသာပြန်ထွက်လာတော့ ဂယက်တော်တော်ကြီးခဲ့ပါတယ်။
ပလေးဘွိုင် – ဆရာ့ကဗျာတွေကို အားနည်းစေတာဟာ ကဗျာနည်းနာကို သိပ်အာရုံစိုက်လွန်းလို့ဖြစ် တယ်လို့ ဝေဖန်ရေးသမားတွေက ပြောကြပါတယ်။ နောက်ပြီး ဆရာဟာ အကြောင်းအရာတစ်ခုကနေ နောက်တစ် ခုကိုခုန်ကူးနေတယ်။ စတိုင်တစ်ခုကနေ နောက်စတိုင်တစ်ခုကို ခုန်ကူးနေတယ်။ အပျော်တမ်းကဗျာဆရာတစ် ယောက်လိုလုပ်နေတယ်လို့လည်း သူတို့ကပြောကြတယ်။
ယက်ဖ်တူရှင်ကို – ကျွန်တော်က ခရီးအများကြီး ထွက်ခဲ့တဲ့သူပါ။ နောက်ပြီး ဘဝမျိုးစုံကျင်လည်ခဲ့ဖူးသူ ဖြစ်ပါတယ်။ လူပေါင်းစုံအတွက် စကားပြောတဲ့အနေနဲ့ ဗန်းစကားအမျိုးမျိုးနဲ့ ကဗျာဖွဲ့နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့နဲ့ဘဝတူဖြစ်ခဲ့ဖူးတာကိုး။ နမူနာပြရရင် သူခိုးတွေရဲ့စကားကို ကျွန်တော်ကျွမ်းပါတယ်။ သူခိုးတွေ ပြောကြဆိုကြတဲ့စကားဟာ သီးခြားဘာသာစကားတစ်ခုနီးနီးပါပဲ။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကျွန်တော်ငယ် ငယ်တုန်းက သူခိုးတွေနဲ့ ကျွန်တော်ပေါင်းသင်းခဲ့ပါတယ်။ နောက်ပြီး ဆင်ခြင်ဖုံးရပ်ကွက်မှာနေကြတဲ့ ပစ္စည်းမဲ့ အလုပ်ကြမ်းသမားရဲ့ ဗန်းစကားတွေကိုလည်း ကျွန်တော်သိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် အလုပ်ရုံတစ်ခုမှာ အလုပ်သမားဖြစ်ခဲ့ဖူးတာကိုး။ နောက်ပြီး သင်္ဘောသားလည်းလုပ်ခဲ့ဖူးတာကြောင့် သင်္ဘောသား တွေရဲ့စကားတွေကိုလည်း ကောင်းကောင်းသိထားပါတယ်။ ကျွန်တော်က ဘာသာစကားကိုချစ်တယ်။ ဘာသာ စကားကို နားထောင်မှတ်သားတတ်တဲ့နားမျိုးလည်း ကျွန်တော့်မှာရှိတယ်။ အထူးသဖြင့် ဗန်းစကားတွေကို ကျွန် တော်မှတ်မိတယ်။ ဗန်းစကားဟာ ဘာသာစကားအစစ်ပဲ။ ခင်ဗျားပြောတဲ့အတိုင်း ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော့်ကိုဝေဖန်ကြတယ်။ ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြတယ်။ ကျွန်တော့်ကဗျာဟာ မတူကွဲပြားတဲ့စတိုင် တွေနဲ့ မတူကွဲပြားတဲ့ဗန်းစကားတွေကို ထူးထူးဆန်းဆန်းရောစပ်ထားတဲ့ ဟင်းလေးအိုးတစ်ခွက်တော့ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် တကယ့်ဘဝကိုတော့ ဖော်ကျူးပါတယ်။
ယင်းသည် ပလေးဘွိုင်မဂ္ဂဇင်းနှင့် ယက်ဖ်တူရှင်ကိုတွေ့ဆုံမေးမြန်းခန်းအနက်က ကောက်နုတ်ချက်များဖြစ်သည်။ ရှင်သန်သောကဗျာဆရာတစ်ယောက်ဖြစ်ရန် ဘာသာစကားသည် သေနေ၍မရ။ ဆက်ခါဆက်ခါ ရှင်သန်ချဲ့ထွင် နေဖို့လိုအပ်ပါသည်။ ဘာသာစကားရှင်သန်နိုင်ပါမှ ကဗျာဆရာဘဝလည်းရှင်သန်နိုင်မည်ဖြစ်ပေသည်။
ယက်ဖ်တူရှင်ကို၊ ဂျေဒီ ဆလင်ဂျာ စသည့်စာရေးဆရာ၊ ကဗျာဆရာကြီးများ ဗန်းစကားအပေါ်အလေးအနက် ထားခဲ့ကြသလို မြန်မာကဗျာဆရာများတွင်လည်း လူငယ်သုံးဗန်းစကားများသုံးစွဲပြီး ကဗျာရေးခဲ့သူများ ရှိပါသည်။ ဥပမာဆိုလျှင် စိုင်းဝင်းမြင့်ဖြစ်သည်။
စိုင်းဝင်းမြင့်သည် မျက်မှောက်ခေတ်၏ခေတ်ပြိုင်ဆရာတစ်ဦးဖြစ်ပြီး သူ့အရေးအသားများထဲ လူငယ်သုံးဗန်းစကား များသုံးစွဲပြီး ကဗျာအများအပြားရေးသားခဲ့သူဖြစ်သည်။ အထူးသဖြင့် ဖဲသမားလောကမှ ဗန်းစကားများသုံးပြီး ကဗျာရေးဖွဲ့နိုင်ခဲ့သူဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူရေးသားခဲ့ပြီး မဂ္ဂဇင်းစာမျက်နှာထက် ပထဆုံး ဖော်ပြခံခဲ့ရသောကဗျာမှာ “ဟန်ပျက်ခြင်း” ဖြစ်ပြီး ယခုကဲ့သို့ပင် ရေးသားခဲ့ပါသည်။
ဟန်ပျက်ခြင်း
*****
ဆယ့်ခြောက်အဆင်နဲ့
ဘဝကိုရင်မခုန်ချင်လို့
နောက်တစ်ဖဲ ထပ်ဆွဲလိုက်ခါမှ
ဆယ်ဖဲက တက်လာ။ ။
စိုင်းဝင်းမြင့်
နောက်ထပ်ရည်ညွှန်းရန် အခြားကဗျာဆရာများ၏ ကဗျာအရေးအသားများစွာရှိနေပါသော်လည်း ဆက်လက်မဖော်ပြတော့ဘဲ ယက်ဖ်တူရှင်ကို အကြောင်းကိုသာ ဆက်လက်ဖော်ပြပါတော့မည်။
ကျွန်တော်တို့နေထိုင်ရာပတ်ဝန်းကျင်တွင် လူများ နေ့စဥ်မွေးဖွားပြီး နေ့စဥ်သေဆုံးနေကြရပါသည်။ ထို့ကြောင့် လည်း ကဗျာဆရာဖြစ်လာမည့်ယက်ဖ်တူရှင်ကို၏ ငယ်စဥ်ကလေးဘဝအတွေ့အကြုံများနှင့်ပတ်သက်၍ အစော ဆုံးမှတ်မိနေသောအရာမှာ သူ၏အဘိုး ၂ ဦးစလုံး ရုတ်တရက်ပျောက်ကွယ်သွားရသော အဖြစ်အပျက်ဖြစ်သည်ဟု ဆိုသည်။ သူ၏အဘိုးများသည် စတာလင်ခေတ်အတွင်း အကျဥ်းစခန်းများသို့အပို့ခံရပြီး သေဆုံးသွားခဲ့ကြရသည်။
ငယ်စဥ်ဘဝက ဘောလုံးကစားခြင်းအပေါ် သာယာခုံမင်ခဲ့သော်လည်း တစ်ဖက်တွင်လည်း ကဗျာအပေါ် စွဲလန်းနေ ခဲ့ပြန်သည်။ ၁၅ နှစ်သားအရွယ်မှာတော့ ဤပြဿနာပြေလည်သွားခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘောလုံးသမားတစ်ယောက်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ရမည့်နေ့မတိုင်ခင်ညနေခင်းတွင် သူရေး ထားသောကဗျာအချို့ကို “ဆိုဗီယက်အားကစား”အမည်ရှိမဂ္ဂဇင်းကဖော်ပြခဲ့ပြီး ယင်းကရသောစာမူခဖြင့် အောင်ပွဲအထိမ်းအမှတ်အဖြစ် သူ ငယ်ချင်းများနှင့် အရက်သောက်နေခဲ့သည်။ နောက်တစ်ရက် ဘောလုံးသမားရွေးတော့မည်ဆိုတော့ သူမူးနေတုန်း ပင်ရှိသေး၏။ ရုရှအနေဖြင့် ကမ္ဘာ့အဆင့်မီဘောလုံးသမားတစ်ယောက်ကို စွန့်လွှတ်လိုက်ရသော်လည်း ကမ္ဘာ့အဆင့်မီကဗျာဆရာ ၁ ဦးကိုတော့ ပြန်လည်ရရှိခဲ့ပါသည်။
ယက်ဖ်တူရှင်ကို၏ကဗျာများသည် သံကန့်လန့်ကာနယ်နိမိတ်များကိုဖောက်ထွင်းပြီး ကမ္ဘာ့ပြည်သူတို့၏နှလုံးသား များထဲ ဝင်ရောက်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာနှင့် သရုပ်ဆောင် မြတ်လေး ကလည်း ယခုကဲ့သို့ပြောဆိုခဲ့ဖူးသည်။
“ပင်လုံထိပ်ထားဦး၊ အမုန်း၏နောက်ဝယ်၊ ပန်းတိုင်းပွင့်ပါစေ၊ သီချင်းဆို၍ ငိုရသည် အဲဒီရုပ်ရှင်ကား ၄ ကား ရိုက်ပြီးတဲ့အခါကျတော့ နိုင်ငံခြားကိုသွားဖြစ်တယ်။ ဆိုဗီယက် မော်စကို၊ တရုတ်ပြည်တို့ပေါ့လေ။ အဲဒီရောက် တော့ နိုင်ငံခြားက စာရေးဆရာတွေ ဟောတာ ပြောတာတွေပါ နားထောင်ရတယ်။ ပိုင်အိုနီးယားပဲလေ့စ်မှာ ကဗျာ ဆရာ ယက်ဖ်တူရှင်ကို ကဗျာရွတ်တာအကြိုက်ဆုံးပဲ။ ယက်ဖ်တူရှင်ကိုငယ်ငယ်က လူချော”
ကဗျာဆရာအောင်ဝေးကလည်း သူရေးသားခဲ့ပြီး လုံးချင်းအဖြစ်ထုတ်ဝေခဲ့သော “အရေးတော်ပုံရင်ခုန်သူများ” တွင် –
ကျွန်တော် ကဗျာဆရာတစ်ယောက်ပါ။ မဆလခေတ်တုန်းက “ကဗျာဆရာတစ်ယောက်ဟာ စင်ပြိုင်အစိုးရတစ် ရပ် ဖြစ်တယ်”ဆိုတဲ့ ရုရှကဗျာဆရာ ယက်ဖ်တူရှင်ကိုရဲ့စကားနဲ့ ကျွန်တော်တို့ဖြတ်သန်းလာခဲ့ကြပါတယ်” ဟု ရေး သား ခဲ့ဖူးသည်။
ယက်ဖ်တူရှင်ကိုသည် ၁၉၃၃ ခုနှစ်တွင်မွေးဖွားခဲ့သူဖြစ်သည့်အတွက် စတာလင်ခေတ်၊ ခရူးရှော့ခေတ်၊ ဂေါ်ဗာ ချော့ဗ်ခေတ်၊ ယယ်လ်ဆင်ခေတ်စသဖြင့် ရုရှနိုင်ငံ၏ ခေတ်အဆက်ဆက်ကိုဖြတ်သန်းခဲ့ရသူဖြစ်သည်။ ထိုသို့ဖြတ် သန်းခဲ့ရသူဖြစ်သည့်အလျောက်လည်း သူဖြတ်သန်းခဲ့ရာခေတ်တလျှောက်၏ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ လေသည်။ ထို့ကြောင့် သူ့ကို ပြစ်တင်ဝေဖန်ကြသူများရှိခဲ့သလို ချီးမွမ်းခဲ့သူများလည်း ရှိခဲ့သည်။ တချို့က အခွင့် အရေးသမားဟု တံဆိပ်ကပ်ခဲ့ကြသလို တချို့ကလည်း သူရဲကောင်းသဖွယ်တံဆိပ်ကပ်ခဲ့ကြသည်။
အသက် ၈၀ ကျော်လာခဲ့သည့်တိုင် ကဗျာရွတ်ပွဲများပြုလုပ်နေသော ယက်ဖ်တူရှင်ကို အား သတင်းစာတစ်စောင်က ယခုကဲ့သို့ပင်မေးမြန်းခဲ့ပါသည်။
မေး – ရုရှစာပေမြှင့်တင်ရေးအတွက် စာပေအနုပညာရှင်တွေ ဘာလုပ်ဖို့လိုသလဲ။
ဖြေ – အဖြေကတော့ ရိုးရိုးစင်းစင်းပါပဲ။ သာမန်ပြည်သူတွေနဲ့ထိတွေ့ ဆက်စပ်နေဖို့ပါပဲ ဟု ဖြေဆိုခဲ့ပါသည်။
“ယက်ဖ်တူရှင်ကိုနှင့် တွေ့ဆုံခြင်း” လုံးချင်းစာအုပ်ကို ၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ်ပြန်လည်ထုတ်ဝေတော့ ဆရာမောင်သာမည က ယခုကဲ့သို့အမှာစာရေးသားခဲ့ပါသည်။
မြန်မာ့နိုင်ငံရေးခေတ်ဆန်းချိန်ရောက်နေပြီဖြစ်သော ယခုကာလတွင် စာပေအနုပညာရှင်များက နိုင်ငံရေးတွင် နက်နက်နဲနဲပါဝင်ပတ်သက်ရန်လိုအပ်သကဲ့သို့ နိုင်ငံရေးကိုယ်တိုင်ကလည်း အနုပညာဆန်သော ဖန်တီးမှုအသစ်များ ဖြင့် လှပရန်လိုအပ်နေသည်။ (ကဗျာဆရာများက နိုင်ငံရေးသမားဖြစ်ရန်လိုအပ်သကဲ့သို့ နိုင်ငံရေးကလည်း ကဗျာဖြစ်ရန်လိုအပ်နေသည်)။
သို့သော် ယခုအချိန်ကတော့ နိုင်ငံရေးနှင့် အနုပညာအပါအဝင် အစစအရာရာက လွန်ခဲ့သော ၂၀၁၅ ခုနှစ် ကာလ များကဲ့သို့မဟုတ်တော့ပါ။
စစ်အာဏာသိမ်းမှုကြောင့် လက်နက်စွဲကိုင်တိုက်ပွဲဝင်နေကြသော ကဗျာဆရာအနည်းငယ်မျှရှိနေသလို တော်လှန် ရေးအတွင်း တိတ်တဆိတ်ပါဝင်နေကြသော ကဗျာဆရာအများစုလည်း ရှိနေကြပါသည်။ ထို့အတူ ဖာသိဖာသာ နေထိုင်ရင်း မိမိ၏နိစ္စဓူဝဘဝများကိုဖြတ်သန်းနေကြသော ကဗျာဆရာများလည်း ရှိနေပေလိမ့်မည်။ အဆိုပါ ကဗျာဆရာနှင့် စာပေပညာရှင်များ၏ ဖြတ်သန်းမှုကိုတော့ သမိုင်းကသာ အဆုံးအဖြတ်ပေးသွားပါလိမ့်မည်။ (ကဗျာ ဆရာတိုင်း တော်လှန်သူများဖြစ်သည်ဆိုတာကိုတော့ လက်မခံပါ)
ယက်ဖ်တူရှင်ကို သည် အသက် ၈၃ နှစ်အရွယ် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင်ကွယ်လွန်ခဲ့သည်။ သူမကွယ်လွန်ခင် ကာလများအတွင်း မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး မြန်မာစာပေအနုပညာရှင်များနှင့် တွေ့ဆုံသွားခဲ့သေးသည်။
နှေးကွေး နောက်ကျတဲ့ အတွေးများနဲ့
ငါ့အဘေးဟာ တစ်သက်လုံး ငတ်ပြတ်ပြီး
ပါးစပ်ခြောက်အူခြောက် သေသွားခဲ့ရတယ်။
ကောက်ထွက် မကောင်းတဲ့ နှစ်ပေါင်းများစွာကို
သစ္စာတရားလို့ သူသိသွားခဲ့ရတယ်။
ငါ့အဘေး အကြောင်းကို ထားပါတော့။
ခု ငါတို့ခေတ်၊ ငါတို့အထဲက အသစ်
၁၉၁၉ ခု အမေ ကိုးနှစ်သမီးတုန်းကလည်း
ငါ့အမေဟာ ဒီအဖြစ်မျိုးနဲ့ ကြုံခဲ့ရပြန်တယ်။
ဆောင်းဦးပေါက်တစ်နေ့ ရိုင်ဖယ်သေနတ်သံတွေ
မုန်တိုင်းတိုက်သလို ညံလာတယ်။
တောင်ကမ်းပါးစောင်း တစ်လျှောက်မှာ
လူရွယ်တစ်ယောက် မြင်းကို တွယ်စီးလို့
သူ့ခေါင်းမှာ ကော့ဆက်သျှောင်ထုံးနဲ့
သူ့ဦးထုပ်မှာ ကြယ်တစ်လုံးနဲ့။
သူ့နောက်မှာ ကမူဘေးက တံတားအိုပေါ်မှာ
မိုးပြိုသလို မြင်းတပ်
ခွာရှပ်သံတွေ မြည်ဟည်း
အို … နေရာမလပ် မြင်းတပ်တွေချည်း။
တလျှပ်လျှပ်ပြိုးပြောင်
နေရောင်မှာ ငှက်ကြီးတောင်ဓားတွေနဲ့
ဓားသွားတွေ ညီညာလိုက်ပုံက
ဇီမာဆိုတဲ့ လမ်းဆုံမှာ။
( ဇီမာလမ်းဆုံ ကဗျာရှည်. .မှ )
*******
ပုံစာ – ဆိုဗီယက်ယူနီယံမပြိုကွဲခင် ထောင်ချီသောပရိသတ်များရှေ့ ကဗျာရွတ်နေသော ယက်ဖ်တူရှင်ကို။
ကိုးကား
***
မြသန်းတင့် – ဇီမာလမ်းဆုံ။
မောင်သာမည – ယက်ဖ်တူရှင်ကိုနှင့်တွေ့ဆုံခြင်း။