သီရိ
ကမ္ဘာပေါ်တွင် အသုံးအများဆုံး Cloud Platform တစ်ခုဖြစ်သည့် Amazon Web Services (AWS) ၏ ဝန်ဆောင်မှုများ ယနေ့ ရုတ်တရက်ပြတ်တောက်သွားခဲ့သောကြောင့် Signal၊ Zoom နှင့် Canva ကဲ့သို့သော နာမည်ကြီး အက်ပလီကေးရှင်းနှင့် ဝဘ်ဆိုဒ်အများအပြား ကမ္ဘာတစ်ဝန်းတွင် နာရီပေါင်းအနည်းငယ်ကြာ အသုံးပြု၍မရ ဖြစ်ခဲ့သည်။
ယနေ့ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲခန့်မှစတင်ကာ အဆိုပါပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ AWS ဆာဗာများကို အသုံးပြုထားသည့် ဝန်ဆောင်မှုများ ရပ်တန့်သွားခဲ့သည်။ AWS သည် Amazon ကုမ္ပဏီက ထောက်ပံ့ပေးထားသည့် Cloud ဝန်ဆောင်မှုဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများနှင့် အက်ပလီကေးရှင်းများစွာက ၎င်းတို့၏ အချက်အလက်များကို သိမ်းဆည်းရန်နှင့် ဝန်ဆောင်မှုပေးရန်အတွက် မှီခိုအသုံးပြုနေရသည့် အဓိကအခြေခံပလက်ဖောင်းတစ်ခုဖြစ်သည်။
ဤပြတ်တောက်မှုကြောင့် ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် အဓိကအားထားသုံးစွဲနေသည့် Signal Messenger အပါအဝင် Zoom၊ Canva၊ WeTransfer၊ Snapchat နှင့် Duolingo ကဲ့သို့သော အသုံးများသည့် အက်ပလီကေးရှင်းများ ရပ်တန့်သွားခဲ့သည်။
“ကျနော် ခါတိုင်းလိုပဲ ဆစ်ဂနယ်ကနေ စာပို့တာ ဒီနေ့ကျတော့ အဝိုင်းလည်နေတာ ၁ နာရီလောက် ကြာသွားလို့ တစ်ခုခုတော့ လွဲနေပြီဆိုပြီး တခြားသူတွေဆီပါ လိုက်စုံစမ်းရတယ်” ဟု ပုဂ္ဂိုလ်ရေးလုံခြုံရေးအတွက် Signal ကို အဓိကထားသုံးစွဲသူတစ်ဦးက ဆိုသည်။
ပြတ်တောက်မှုဖြစ်ပွားပြီး မကြာမီတွင် Signal နှင့် အခြားဝန်ဆောင်မှုများက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် နည်းပညာဆိုင်ရာအခက်အခဲ ကြုံတွေ့နေရကြောင်းနှင့် အမြန်ဆုံးပြန်လည်ကောင်းမွန်အောင် ပြုပြင်နေကြောင်း သုံးစွဲသူများထံ အသီးသီး အသိပေးထုတ်ပြန်ခဲ့ကြသည်။
မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲခန့်တွင် ဝန်ဆောင်မှုအများစုမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ Amazon ဘက်မှလည်း ပြတ်တောက်မှုဖြစ်ပွားခဲ့သည်ကို အတည်ပြုခဲ့သော်လည်း အကြောင်းရင်းအတိအကျကိုမူ ရှင်းလင်းစွာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
#AmazonWebServicesပြတ်တောက်မှု #signal #zoom #နာရီပိုင်းကြာရပ်တန့် #ThanLwinKhetNews