
နန်းဆုပန်ခန့်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မြောက်ဘက်၊ ထီဖိုးစံကျေးရွာ ကို ယမန်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်က စစ်တပ်ဘက်မှ Y – 12 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ ဗုံးကြဲမှုအတွင်း Y- 12 နှစ်စီး အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
၎င်းက “Y- 12 က အပြာတစ်စီး၊ အဖြူတစ်စီး၊ ထီဖိုးစံဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ မီဖါလယ့်ကျေးရွာလမ်း၊ ကွန်ဖောင့်ယား အဲ့ဒီကျေးရွာတွေမှာ ကျတာပေါ့။ ဒါပေမယ့် ထီဖိုးစံဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းက အုတ်တံတိုင်းတစ်ခုပဲခြားတော့ အဲဒီနှစ်ခုကတော့ ထိခိုက်ပျက်စီးမှုအများဆုံးပေါ့နော်။ ဗုံးအရှိန်နဲ့ မီးကလည်း လောင်တယ်။ ရဟန်းတွေ ထိတာတော့ရှိတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ဆိုသည်။
အဆိုပါထီဖိုးစံကျေးရွာဘုန်းကြီးကျောင်းသည် ကော့ကရိတ်မြောက်ပိုင်း ဘုန်းကြီးကျောင်းများထဲမှ ရဟန်းသံဃာများ တစ်နှစ်တစ်ခါ စာပြန်ပွဲပြုလုပ်လေ့ရှိသည့် နေရာဖြစ်သည်။


အဆိုပါနေရာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဟုလည်း ဒေသခံများက ဆိုသည်။
ဒေသခံအမျိုးသားတစ်ဦးက “တိုက်ပွဲဖြစ်တဲ့ နေရာကို သူတို့ ကြဲမယ်ဆိုရင် ဘာမှ မပြောလိုဘူး။ သူတို့ ကြဲတဲ့ နေရာက ရဟန်း၊ ဘုန်းကြီး၊ သီလရှင်တွေ နေတဲ့နေရာ။ သူတို့ကို ကြည့်လိုက်ရင် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနဲ့ ဘယ်လိုဗုဒ္ဓဘာသာလဲ။ ရဟန်းသံဃာတွေ နေရာကိုတောင်မရွေး လေယာဥ်နဲ့ တိုက်ခိုက်လာတာ” ဟု ဆိုသည်။
လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ထီဖိုးစံကျေးရွာဘက်သို့ မနက်ပိုင်း လေယာဥ်ပျံသန်းမှုမကြာခဏတွေ့ရသည်ဟုလည်း ရာဘာခြစ်သူ ဒေသခံများက ဆိုသည်။
#ထီးဖိုးစံကျေးရွာ #စစ်ကော်မရှင်တပ် #ဗုံး၃၇လုံးကြဲချ#ThanLwinKhetNews
