လက်ဖက်ဈေးတက်သော်လည်း လက်ရှိကုန်ဈေးနှုန်းများနှင့်မကာမိဟု လက်ဖက်စိုက်တောင်သူများဆို
**************************************
ယမင်းဖူးပွင့်အောင်
မတ် ၂၀၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုနှစ် လက်ဖက်ဈေးကောင်းလာသော်လည်း မြင့်တက်နေသည့် ကုန်ဈေးနှုန်း များနှင့်ယှဉ်လျှင် စားဝတ်နေရေးအတွက်လုံလောက်မှုမရှိဟု လက်ဖက်စိုက်တောင်သူများထံက သိရသည်။
လက်ဖက်ခူးချိန်သည် ပုံမှန်အားဖြင့် မတ်လမှ မေလ ပထမပတ်အထိဖြစ်ပြီး တအာင်းလူမျိုးတို့က “ရွှေရောင်ကာလ” ဟုရည်ညွန်းလေ့ရှိကြသည်။
ထို့ကြောင့် ယခုအချိန်တွင် လက်ဖက်စိုက်တောင်သူများမှာ လက်ဖက်များစတင်ခူးယူနေပြီဖြစ်ပြီး ယခုနှစ် လက်ဖက်ဈေးမှာ ယခင်နှစ်များကထက် ပို၍ဈေးကောင်းသော်လည်း အာလူး ၁ ပိဿာနှင့် လက်ဖက် ၁ ပိဿာဈေးမှာ အတူတူပင်ဖြစ်နေသည်ဟု နမ့်ဆန်မြို့ဒေသခံ လက်ဖက်စိုက်တောင်သူ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“မတ်လ လလယ်ပိုင်းလောက် လက်ဖက်တော်တော်လေးထွက်လာတယ်။ ၁၁ လပိုင်း ၁၂ လပိုင်းအထိ ခူးလို့ရတယ်။ အရင်နှစ်ထက်တော့ ဈေးကောင်းပါတယ်” ဟုဆိုသည်။
နှစ်စဉ် မတ်လနောက်ဆုံးပတ်နှင့် မိုးမကျမီ မေလဆန်းပိုင်းအထိသည် လက်ဖက်ရာသီချိန်ဖြစ်ပြီး အဆိုပါကာလအတွင်းခူးသည့် လက်ဖက်သည် အရည်အသွေးကောင်းကာ ဈေးကောင်းရသည်ဟု နမ့်ခမ်းမြို့ဒေသခံ ၁ ဦးက ဆိုသည်။
“သူ့ရာသီဆိုတာမရှိဘူး။ အမြဲခူးလို့ရတယ်။ မိုးရာသီတို့မှာ ထွက်တဲ့အညွှန့်ထက် အခုဆို ရွှေဖီချိန်လို့ခေါ်တာပေါ့နော်။ မိုးမရောက်ခင်မှာ ခူးတဲ့လက်ဖက်က ပိုပြီးတော့မှ ဈေးရတာပေါ့နော်။ ရွှေဖီမိုးလွတ်ဆိုပြီးတော့” ဟုပြောသည်။
“ပလောင်တောင်တက်နှေးမှ လက်ဖက်ကောင်းစားရမယ်”ဟု ကျော်ကြားသော ပလောင်နှင့်လက်ဖက်သည် ခွဲမြင်၍မရသော တအာင်းဒေသတွင် ကိုဗစ်ကာလမှစတင်ကာ လက်ဖက်ဈေးများကျဆင်းနေခဲ့ပြီး ယမန်နှစ်တွင်လည်း တိုက်ပွဲများကြောင့် ဆက်လက်ကျဆင်းနေခဲ့သည်။
ယခုနှစ်တွင် ကုန်ဈေးနှုန်းနှင့်အမီ လက်ဖက်ဈေးလည်းတက်လာပြီး လက်ဖက်လှလျှင်လှသလို ဈေးကောင်းရသည်ဟု ကျောက်မဲမြို့နယ် လက်ဖက်စိုက်တောင်သူ ၁ ဦးက ပြောသည်။
“လက်ဖက်ခြောက်က ပုံသေဈေးမရှိဘူး။ လက်ဖက်လှရင်လှသလို ၁၆,၀၀၀ ကနေ ၁၈,၀၀၀ အထိရှိတယ်။ ရွက်စိမ်းကတော့ ၁ ပိဿာကို ၃,၅၀၀ ပေါ့။ ကျွန်တော်တို့ဘက်မှာကျ အချိုခြောက်စက်ရုံရှိတယ်။ အဲ့ကဖွင့်တဲ့ဈေးက အတည်ပေါ့။ တက်လာတယ်လို့တော့ ပြောရမှာပေါ့။ မနှစ်က ၂,၂၀၀ ကနေ ဈေးစဖွင့်တာလေ”ဟုဆိုသည်။
လက်ဖက်ကုန်သည်များအသင်း၊ လက်ဖက်စိုက်တောင်သူများနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA တို့ပူးပေါင်း၍ လက်ဖက်ဈေးကွက်နှင့် ပတ်သက်သောအစည်းအဝေးများ ပြုလုပ်သွားမည်ဟုလည်း ဒေသခံများထံက သိရသည်။
လက်ဖက်စိမ်း၁ ပိဿာကို မြန်မာကျပ်ငွေ ၄,၀၀၀ ရရှိမှသာ အဆင်ပြေမည်ဖြစ်ပြီး အစည်းအဝေးက သတ်မှတ်ပေးသည့် လက်ဖက်ဈေးကို မျှော်လင့်နေကြသည်ဟု လက်ဖက်စိုက်တောင်သူများက ဆိုကြသည်။
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ-နမ့်ဆန်မြို့နယ်ရှိ လက်ဖက်စိုက်ခင်းများကို တွေ့ရစဉ်။