တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တပ်မဟာ ၁ နယ်မြေ မိုင်းငေါ့မြို့အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ နှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA မှ အောက်တိုဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၂၀ ရက် ည ၈ နာရီကျော်ခန့်တွင် စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ အား ဗုံး နှစ်လုံးကြဲချခဲ့ခြင်းကြောင့် ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးသွားသည်ဟု သိရသည်။
ထိုအပြင် ဗုံးဒဏ်ကြောင့် ဒေသခံများ၏ နေအိမ် ၁၀ လုံး ပျက်စီးသွားပြီး ဈေးဆိုင်ခန်း ငါးခန်းလည်း ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် အောက်တိုဘာ ၁၉ ရက်ကလည်း စစ်တပ်မှ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နှင့် မိုးကုတ်မြိုနယ်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ နှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။
TNLA ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်သည့် မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များအား စစ်တပ်မှ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ သုံးပတ်နီးပါး အတွင်း လေကြောင်းမှ ဗုံး ၂၈ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယင်းသို့ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သံဃာတော် နှစ်ပါး၊ကလေး ရှစ် ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၉ ဦးသေဆုံးခဲ့ပြီး ကလေး ၁၁ ဦး၊ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦးတို ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုအပြင် နေအိမ် ၁၃၈ အိမ်၊ စာသင်ကျောင်း ၃ ကျောင်း၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ ကျောင်းဆောင် ၇ ဆောင်နှင့် အဆောက်အဦး ၄ ခုတို့ ထိမှန်ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်သည့် ၎င်းတို့ ရွေးကောက်ပွဲကျင်းပမည် ရက်အား ကြေညာပြီးနောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများအား လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသည်။
ယင်းကြောင့် အဆိုပါ ဒေသတွင် နေထိုင်သည့် ဒေသခံများအား စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းအား ရှောင်ရှားရန်နှင့် စစ်ရေးသတိ အမြဲရှိရန် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များမှ သတိပေးထားသည်။
#မိုင်းငေါ့ #စစ်တပ်ဗုံးကြဲ #ဒေသခံများသေဆုံး #ThanLwinKhetNews