တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်သား ၂၆ ဦး ထိုင်းနိုင်ငံဘက်ထွက်ပြေး
*******
သဇင်
မတ် ၂၁၊၂၀၂၄။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၊ ထိုင်း – မြန်မာနယ်စပ်ရှိ ရေတလျောက်စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင် ၂၆ ဦး ထိုင်းနိုင်ငံ၊ ပန်ခလန်ကျေးရွာထဲသို့ ထွက်ပြေးလာသည်ဟု သိရှိရသည်။
ယနေ့ မတ်လ ၂၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေတလျောက်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့၏ စခန်းကိုစွန့်ခွာကာ လက်နက်အပြည့်အစုံနှင့်အတူ ပိုင်ခလန်ကျေးရွာထဲသို့ ထွက်ပြေးဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ရေတလျောက်စစ်ကောင်စီတပ်စခန်းတွင် တပ်ဖွဲ့ဝင်စုစုပေါင်း ၂၆ ဦးသာရှိပြီး လက်ရှိအချိန်တွင် ယင်းစခန်း၌ တပ်ဖွဲ့ဝင်တစ်ယောက်မျှမရှိတော့ကြောင်း ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများက ဝန်ခံထွက်ဆိုထား သည်ဟု KIC သတင်းတွင်ဖော်ပြထားသည်။
ရေတလျောက်စစ်ကောင်စီစခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်ကလည်း KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ထိုစခန်းတွင် ပြန်လည်အခြေချတပ်စွဲခဲ့ခြင်းဖြစ်သည်။
အလားတူ မတ်လ ၁၉ ရက်ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် မဲသရောထ စစ်စခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၈ ဦး စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံ ပိုင်ခလန်ကျေးရွာထဲသို့ ထွက်ပြေးခဲ့သေးသည်။
ထိုင်းနိုင်ငံဘက်ထွက်ပြေးလာသည့် မဲသရောထစစ်ကောင်စီတပ်သား ၄၈ ဦးအား ထိုင်းအာဏာပိုင်းများက ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နေဆဲဖြစ်ပြီး မြဝတီ – မဲဆောက် နယ်စပ်ထွက်ပေါက်များမှတဆင့် ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဟု ထိုင်းအာဏာပိုင် ၁ ဦးက ပြောဆိုထားသည်။
************
Telegram– > https://t.me/newstlk/3907
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8555