ထိုင်းအစိုးရက စစ်ကောင်စီအပေါ်ထောက်ခံနေမှုများ ပြန်လည်သုံးသပ်ရန်လိုအပ်ဟု အတိုက်အခံများပြော
************************
သံလွင်ခက်
မတ် ၁၃၊ ၂၀၂၄။
ဘေးဒဏ်သင့်မြန်မာပြည်သူများအား အကူအညီများပေးဆောင်ရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်္ကြံကို ထိုင်းအစိုးရကအကောင်အထည်ဖော်နေချိန်မှာပဲ ပဋိပက္ခများဖြစ်ပွားနေသော မြန်မာနိုင်ငံ၏အကြပ်အတည်း ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ထိုင်းအစိုးရအနေဖြင့် ၎င်း၏အငြင်းပွားဖွယ် မြန်မာစစ်ကောင်စီကိုထောက်ခံနေမှုများအပေါ် ပြန်လည်သုံးသပ်သင့်သည်ဟု အတိုက်အခံများက ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီကကြီးမှူးကျင်းပသော မြန်မာ့အရေးအဖြေရှာခြင်း များဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြီးခဲ့သည့် မတ်လ ၂ – ၃ ရက်က ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲသို့ အတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများနှင့် ပညာရှင်များတက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် အတိုက်အခံများက “မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့်စစ်ပွဲများသည် စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုထူထောင်ရန်အတွက် စစ်အာဏာရှင်များကိုတော်လှန်နေသည့်စစ်ပွဲများဖြစ်သည်” ဟု ပြောဆိုခဲ့ကြသည်။
သို့သော် မြန်မာပြည်သူများ၏ ကြီးမားသောကြိုးပမ်းအားထုတ်မှုများတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် ထိုင်းနိုင်ငံကဲ့သို့သောအိမ်နီးချင်းနိုင်ငံများ၏ အကူအညီများလိုအပ်ကြောင်း ၎င်းတို့ ကပြောသည်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကနေ အွန်လိုင်းကတဆင့် အဆိုပါဆွေးနွေးပွဲကိုတက်ရောက်ခဲ့သော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် ဦးကျော်မိုးထွန်း ကလည်း ထိုင်းနိုင်ငံ၏အကျိုးစီးပွားအပေါ် တိုက် ရိုက်ထိခိုက်နေသော မြန်မာနိုင်ငံ၏အကြပ်အတည်းကိုဖြေရှင်းရာတွင် ထိုင်းအစိုးရနှင့် လွှတ်တော်အမတ်များ အတူပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်စေလိုသည်ဟု တိုက်တွန်းခဲ့သည်။
မြန်မာစစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သောအုပ်ချုပ်ရေးနှင့် အတိုက်အခံများအပေါ် ပြင်းပြင်းထန်ထန်ဖိနှိပ် နေခြင်းများကို ထိုင်းအစိုးရကလည်းထောက်ခံလေ့ရှိသည့်အပြင် နိုင်ငံတကာဖိုရမ်များတွင်လည်း မြန်မာစစ်အာ ဏာရှင်များအား တရားဝင်မှုပေးအပ်နေသည့်အတွက် ထိုင်းအစိုးရသည် ၎င်းတို့အပေါ် ဝေဖန်ပြစ်တင်မှုများနှင့် အမြဲတစေရင်ဆိုင်ရလေ့ရှိသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာနှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့သသည် ပုဂ္ဂိုလ်ရေး အရ ဆက်သွယ်မှုများရှိခဲ့ကြသလို ပြီးခဲ့သည့်နှစ်က ဘန်ကောက်မြို့တွင် အကြိမ်ရေအနည်းငယ်လောက်သာ ကျင်းပခဲ့သည့် နိုင်ငံတကာဖိုရမ်များသို့လည်း စစ်ကောင်စီဝန်ကြီးများတက်ရောက်ခွင့်ရရန် စွမ်းဆောင်ပေးခဲ့သည်။
ထိုင်းနိုင်ငံ၏ အရပ်ဘက် – စစ်ဘက် နှစ်ဖက်စလုံးကအရာရှိများသည် နေပြည် တော်သို့ပုံမှန်သွားရောက်ကာ တွေ့ဆုံဆွေးနွေးမှုများရှိနေသော်လည်း တကယ့်မြေပြင်တွင်နှိပ်ကွပ်ခံထားရသော မြန်မာပြည်သူများ၏အခြေအနေကိုတော့ မျက်ကွယ်ပြုလျက်သာရှိနေသည်။
အဆိုပါဆွေးနွေးပွဲကိုတက်ရောက်ခဲ့သော NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကလည်း မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ထူထောင်ရာတွင် ထိုင်းနိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့်ကဏ္ဍက ပါဝင်သင့်သည် ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံအောက်လွှတ်တော် နယ်စပ်လုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီဥက္ကဋ္ဌ Rangsiman Rome ကလည်း ဆွေးနွေးပွဲသည် မြန်မာနိုင်ငံကသက်ဆိုင်သူများအားလုံး ဆွေးနွေးညှိနှိုင်းပြီး မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရန်အတွက် ပထမဆုံးခြေလှမ်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
အံအားသင့်စရာတစ်ခုက အဖွင့်အမှာစကားပြောကြားရန်စီစဥ်ထားသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ နုတ် ထွက်ခဲ့ခြင်းပင်ဖြစ်သည်။ ထိုသို့နုတ်ထွက်ရခြင်းမှာလည်း အဆိုပါဆွေးနွေးပွဲကိုကန့်ကွက်ကြောင်း နေပြည်တော် ကပေးပို့သည့် လျှို့ဝှက်စာလက်ခံရရှိခဲ့ခြင်းကြောင့်ဖြစ်ပြီး ဆွေးနွေးပွဲကျင်းပရန် နောက်ဆုံးမိနစ်အလိုရောက်တော့ မှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ယင်းသည်ပင် ထိုင်းအစိုးရ၏သဘောထားဖြစ်သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးကဆိုသည်။
အဆိုပါနှီးနှောဖလှယ်ပွဲသည် ထိုင်း – မြန်မာနှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသောဆက်ဆံရေးအပေါ် အပျက် သဘောဆောင်သည့် အကျိုးသက်ရောက်မှုများရှိလာမည်ဖြစ်သည်ဟု စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုင်းအတိုက်အခံ Move Forward ပါတီ၏ခေါင်းဆောင် ဖိထာ ကမူ ထိုင်းလွှတ်တော်သည် ယခုဖိုရမ်ကို အိမ်ရှင် အဖြစ်လက်ခံကျင်းပပြီး အိမ်နီးချင်းမြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ တရားဝင်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံရှိ ကဏ္ဍအသီးသီးအပေါ် တိုက်ရိုက်ထိခိုက်စေသည့် လက်ရှိအကြပ်အတည်းများကို အဖြေရှာရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သတင်းထောက်များကိုဖြေကြားခဲ့သည်။
“ပြည်သူ့ကိုယ်စားလှယ်တွေက ထိုင်းပြည်သူတွေအပေါ်ထိခိုက်စေတဲ့ကိစ္စတွေကို ဆွေးနွေးရမှာပဲ။ ဒါက မြန်မာ နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမဟုတ်ဘူး။ ဘေးအိမ်ကပြဿနာတွေနဲ့ ကျွန်တော်တို့ဝေးဝေးနေ လို့မရဘူး” ဟု ဖိထာ ကဆိုသည်။
မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးမည်ဆိုသော်ငြား ဗျူရိုကရေစီအဟန့် အတားများနှင့် ရင်ဆိုင်နေရပြန်သည်။
ပြီးခဲ့သောနှစ်တွင် မြန်မာစစ်ကောင်စီက အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အကူ အညီပေးရေးဝန်ထမ်း ၁၄၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု ကုလသမဂ္ဂ က ဆိုသည်။
ထိုင်းလွှတ်တော်ဆေးနွေးပွဲကိုတက်ရောက်လာကြသော ကျွမ်းကျင်သူများနှင့် အကူအညီပေးရေးဝန်ထမ်းများ ကတော့ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရာတွင် ရပ်ရွာလူထုအခြေ ပြုချဥ်းကပ်နည်းများကိုအသုံးပြုသင့်ကြောင့် အကြံပြုတင်ပြခဲ့ကြသည်။
Ref: Thai PBS
ပုံစာ – ထိုင်းလွှတ်တော်က အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော မတ်လ ၂ ရက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြ သူများ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3726
YouTube – > https://youtu.be/VWUnOqS3CvY?si=v5aJiF7msrZh0BNt
Website – > https://thanlwinkhet.net/?p=8290