မောင်တောမြို့က နယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက်
****************
သံလွင်ခက်။
မတ် ၁၃၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းရှိ အောင်သပြေနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ သည်ဟု ရက္ခိုင့်တပ်တော် – AA က ယမန်နေ့ညကထုတ်ပြန်သည်။
မောင်တောမြို့မြောက်ပိုင်းက လက်နက်ချအညံ့မခံသေးသော လက်ကျန် နယ်ခြားစောင့်တပ်စခန်းအချို့ကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ယင်းအနက်က အောင်သပြေနယ်ခြားစောင့်တပ်စခန်းအား မတ်လ ၁၁ ရက်တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တိုက်ပွဲအတွင်း နယ်ခြားစောင့်တပ်ဖွဲ့၏အလောင်းအချို့၊ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ပြီး စခန်းမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအရေအတွက်မှာ ၁၇၉ ယောက်အထိ ရှိခဲ့ပြီဖြစ်သည်ဟု AA က ထုတ်ပြန်သည်။
ထို့ပြင် အောင်သပြေစခန်းအတွင်းကျန်ရှိခဲ့သော စားနပ်ရိက္ခာများ၌ သေစေတတ်သောအဆိပ်များ သုတ်လူးထား ခြင်း၊ ရေဗူးများတွင် အဆိပ်ခပ်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားသည် ကိုတွေ့ရှိရသောကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စခန်းသိမ်းတိုက်ပွဲ များ၌ သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် AA က အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ – AA Info Desk
ပုံစာ – အောင်သပြေနယ်ခြားစောင့်တပ်စခန်းက သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံး အဆောင်ပစ္စည်းအချို့။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3719
YouTube – > https://youtu.be/VWUnOqS3CvY?si=v5aJiF7msrZh0BNt
Website – > https://thanlwinkhet.net/?p=8280