လေးကေ့ကော်ပြန်သည့်ဒေသခံများ ထပ်မံစစ်ရှောင်နေရ
******************************
သံလွင်ခက်
မတ် ၁၃၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်တွင် နေရပ်ပြန်လည်နေထိုင်သည့် ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံက သိရသည်။
လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တို့ကြား ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားတော့မည့်သတင်းများကြောင့် ယမန်နေ့ မတ်လ ၁၂ ရက် ညနေပိုင်းတွင် ထပ်မံ တိမ်းရှောင်ခဲ့ခြင်းဖြစ်သည်ဟု လေးကေ့ကော်မြို့သစ် အုပ်ချုပ်ရေးတာဝန်ခံ ဦးအေးလွင် က သံလွင်ခက် သတင်း ဌာနကို ပြောသည်။
၎င်းက “ ညနေတည်းက ပြေးလာတာ။ သူတို့နှစ်ဖက်တပ်တွေ ရင်ဆိုင်ပြီးတော့ တိုက်တော့မယ်ဆိုတော့ ရွာသားတွေက ပြေးရတာပေါ့။ ညပိုင်းမှ ဆိုင်တာ၊ ပစ်ခတ်မှုကတော့ မရှိပါဘူး။ စွယ်တော်ကုန်း ( အမြောက်ကုန်း ) ကနေပြီးတော့ သူတို့(စစ်ကောင်စီ) လက်နက်ကြီးနဲ့ စပြီးတော့ ပစ်လိုက်တယ်။ ၄၊ ၅ ချက်လောက်၊ မပစ်ခင်က တည်း ကျွန်တော်တို့ ထွက်ပြေးလိုက်တာ ” ဟုဆိုသည်။
အဆိုပါအခြေအနေများကြောင့် လေးကေ့ကော်မြို့သစ်တွင် ပြန်လည်ဝင်ရောက်နေထိုင်နေကြသည့် အိမ်ထောင်စု ၁၅၀ ကျော် ထပ်မံတိမ်းရှောင်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် မဲ့ထော်သလေးနှင့် မင်းလက်ပံကျေးရွာများ၌ တိမ်းရှောင် နေကြရသည်ဟု ဒေသခံများထံက သိရသည်။
ယခုရက်သတ္တပတ်အတွင်း လေးကေ့ကော်မြို့သစ်အနီးတွင် နှစ်ဖက်တပ်များကြား တိုက်ပွဲများပြင်းထန်နေပြီး မတ်လ ၁၁ ရက်၌ စစ်ကောင်စီတပ်က လေးကေ့ကော်မြို့ ပန်းခြံကုန်းနှင့် ရေတံခွန်နေရာများသို့ လေကြောင်းဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် လေးကေ့ကော်မြို့သစ်အနီး ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ထို့နောက် ထွက်ပြေးတိမ်းရှောင်နေကြရသည့် လေးကေ့ကော်ဒေသခံများထဲကတချို့သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် နေရပ်သို့ ပြန်လည်နေထိုင်ခဲ့ပြီးနောက် ၁ နှစ်အကြာတွင် ထပ်မံတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။
လေးကေ့ကော်မြို့သစ် အုပ်ချုပ်ရေးတာဝန်ခံ ဦးအေးလွင် က” နေစရာမရှိလို့ ကျွန်တော်တို့ ပြန်နေကြတာ။ ပစ်ချင်လည်း ပစ်ပေါ့ ပြန်နေကြတာ။ ပြန်နေကြတယ်ဆိုတာက ကျွန်တော်တို့ကို တရားဝင်နေခွင့်မပေးဘူး။ ပြန် နေကြတာ ၁ နှစ်ပြည့်တာပေါ့။ ၁ နှစ်ပြည့်တဲ့နေ့မှာပဲ ပြန်ထွက်ရတာ ” ဟုဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင် လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်၏ ဖလူးတပ်စခန်းကို KNLA၊ PDF ပူးပေါင်းတပ်များက မိနစ်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။
စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အဆိုပါဒေသကို လေကြောင်းဖြင့် အဆက်မပြတ်ဗုံးကြဲတိုက် ခိုက်နေသည့်အတွက် အနီးဝန်းကျင်ကျေးရွာများက ဒေသခံထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးနေကြရသည်။
ပုံစာ – ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် လေးကေ့ကော်ဒေသအနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့်မြင်ကွင်း။ ပုံ – အဟောင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3729
YouTube – > https://youtu.be/VWUnOqS3CvY?si=v5aJiF7msrZh0BNt
Website – > https://thanlwinkhet.net/?p=8294