![]()

မင်းလက်ပံဒေသတွင်ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်ကျရောက်သဖြင့် ထိုင်းနိုင်ငံသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက အတည်ပြုပြောဆိုသည်။
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ဘက်ခြမ်း မင်းလက်ပံရွာနှင့် ကြို့ပင်စစ်ရှောင်စခန်းကြားတွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး မဲ့ကိုကင်းကျေးရွာနေ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
“စာသင်ကျောင်းနောက်ဘမ်းခြမ်းက ရပ်ကွက် ၉ ထဲကို လက်နက်ကြီးကျတာ၊ ထိုင်းတစ်ယောက်ရဲ့ ပခုံးကို ထိသွားတယ်”ဟု မဲ့ကိုကင်းကျေးရွာနေ၊ လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA) ကသိမ်းယူထားသော ဖလူးစစ်စခန်းကို ပြန်လည်ရယူရန် စစ်ခေါင်းဆောင်များက ဖိအားပေးခြင်းခံထားရသော စစ်ကော်မရှင်တပ်များနှင့် KNLAတော်လှန်ရေးပူးပေါင်းတပ်များကြား နေ့စဉ်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

“လက်နက်ကြီးနဲ့ထုတယ်။ ဒရုန်းတွေနဲ့လည်း လာတော့ ရွာတွေမှာက မနေရဲကြတော့ ထိုင်းဘက်ခြမ်းနဲ့ တခြားလွတ်မယ်ထင်တဲ့နေရာတွေပြေးနေကြရတာ။ ထိုင်းဘက်ခြမ်းတောင် လက်နက်ကြီးကျည်တာ ဒီတပတ်အတွင်းတင် ၂၀ နီးပါးဖြစ်နေပြီ”ဟု မင်းလက်ပံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၁ ရက်တွင် လက်နက်ကြီးကျ နေ့ရော၊ ညပါ ကျရောက်ခဲ့ခြင်းကြောင့် ထိုင်းဘက်ခြမ်း၊ မဲ့ကိုကင်းဒေသရှိ အမျိုးသားတစ်ဦး၊ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ထိုင်းစစ်တပ်မှ ၁၂၀ မမ အမြောက်များဖြင့် မီးခိုးဗုံးများပစ်ကာ အသိပေးဟန့်တားခဲ့သည်။
မှတ်ချက် – စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းများကို တယ်လီဂရမ်ချယ်နယ်တွင်သာ ဖော်ပြထားပါသည်။
