လက်နက်ကိုင်လူငယ်အရေအတွက် ပိုများလာစေတဲ့ စစ်မှုထမ်းဥပဒေ
*****************************
ယမင်းဖူးပွင့်အောင်
မတ် ၁၁ ၊ ၂၀၂၄။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ကရေးဆွဲခဲ့သည့် အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်း ရမည့်ဥပဒေတစ်ရပ်ကို စစ်ကောင်စီက၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်တွင် အသက်သွင်းလိုက်သည်။
အာဏာရှင်ဟောင်း၏ဆိုးမွေဥပဒေကို နိုင်ငံတဝန်းရှိလူငယ်ထုက ခါးခါးသီးသီးတုံ့ပြန်ကြသလို ဆယ်စုနှစ်ရှစ်ခု နီးပါးတိုင် အပြီးမသတ်နိုင်ခဲ့သည့် ပြည်တွင်းစစ်ပဋိပက္ခ၏အထွတ်အထိပ်ကာလတွင် ပြည်သူဆန္ဒနှင့်ကင်းဝေးနေ သည့် မြန်မာ့စစ်တပ်ထဲသို့ ဝင်ရောက်လိုခြင်းမရှိသည်ကို တွေ့ရသည်။
ရွေးချယ်စရာ အခွင့်အလမ်းနည်းပါးနေသည့် လူငယ်များက တော်လှန်ရေးအဖွဲ့အစည်းများထဲသို့ ဝင်ရောက်မှုနှုန်း မြင့်တက်လာသလို ပြည်ပသို့ တရားဝင်တစ်မျိုး တရားမဝင်တစ်ဖုံ ထွက်ခွာလိုသူများလည်း များပြားလာသည်။
ပြည်ပထွက်ခွာလိုသူများက နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ရရှိရန် တိုးဝှေ့စောင့်ဆိုင်းကြရာ ထိခိုက်ဒဏ်ရာရမှုများ ရှိသလို ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မန္တလေးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် ပတ်စ်ပို့စာအုပ်လုပ် ရန် တန်းစီနေသည့် လူအုပ်ပြိုလဲကျပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့သည်။
ယခင်က မြန်မာကျပ်ငွေသောင်းဂဏန်းဖြင့် နိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်သော်လည်း လက်ရှိမှာတော့ မှောင်ခိုဈေး ကွက်တွင် ၁၅ သိန်းမှ သိန်း ၂၀ အထိ ဈေးနှုန်းများ မြင့်တက်နေသည်ဟု ပတ်စ်ပို့စာအုပ်ပြုလုပ်သူများထံက သိရ သည်။
စစ်မှုထမ်းဥပဒေအတွက်အကျုံးဝင်သည့် အသက်အရွယ်အပိုင်းအခြားသည် ကုန်ထုတ်စွမ်းအားအမြင့်ဆုံးအရွယ် များဖြစ်နေကာ စစ်မှုထမ်းဥပဒေကြောင့် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အထွေထွေကိစ္စရပ်များ ယိုယွင်း လာတော့မည့် အရေးမှာလည်း စိုးရိမ်ဖွယ်ဖြစ်သည်။
ထိုကဲ့သို့ လက်နက်ကိုင်လမ်းစဉ်လျှောက်လှမ်းသူ အရေအတွက်များပြားလာခြင်းကြောင့် မြန်မာနိုင်ငံသည် မဝေး တော့သည့် အနာဂတ်ကာလတစ်ခုတွင် လူ့စွမ်းအားအရင်းအမြစ်ရှားပါးသည့် အခြေအနေတစ်ခုကို မလွဲမသွေ ရောက်ရှိလာတော့မည်ဟု မြန်မာ့အရေးလေ့လာသူများက သုံးသပ်ကြသည်။
စစ်ခေါင်းဆောင်မျှော်မှန်းသည့်“Standard Army”
************************
ကမ္ဘာ့နိုင်ငံများ၏ စစ်တပ်စွမ်းအားအဆင့်သတ်မှတ်ချက်တွင် မြန်မာ့စစ်တပ်သည် အဆင့် ၃၈ အထိ အမြင့်ဆုံး သတ်မှတ်ခံခဲ့ရဖူးသည်။ တပ်မတော်အခမ်းအနားများတွင် စစ်ခေါင်းဆောင်များက အစ္စရေး၊ အိန္ဒိယ၊ တရုတ်နှင့် ရုရှားနိုင်ငံများထံကဝယ်ယူထားသည့် ယန္တရားတပ်များ၊ သံချပ်ကာတပ်များ၊ လေယာဉ်များကို ထုတ်ဖော်ပြသလေ့ရှိသည်။
လူဦးရေ သန်း ၅၀ ကျော်ရှိသော မြန်မာနိုင်ငံတွင် အမြဲတမ်းစစ်သည်အင်အား ၅ သိန်းကျော်ရှိရမည်ဟု စစ် ခေါင်းဆောင်များက တွက်ဆထားသည်။ ထိုပမာဏသည် တိုင်းပြည်လူဦးရေ၏ ၁ ရာခိုင်နှုန်းခန့်ဖြစ်သည်။
စစ်ကောင်စီတွင် တိုင်းစစ်ဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂၀ ခု၊ တပ်မဌာနချုပ် ၁၀ ခုနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၆ ခုရှိပြီး လျာထားသည့်စစ်သည်အင်အားပြည့်မီအောင် ခေတ်အဆက်ဆက် ကြိုးစားခဲ့ကြသည်။
ရန်ကုန်တိုင်းလက်အောက်ခံတပ်ရင်းအမှတ်များမှာ ၇၀၀ ကျော်ဖြစ်နေသော်လည်း အမှန်စင်စစ် ခြေမြန်တပ်ရင်း ၃၀၈ ရင်း ခြေလျင်တပ်ရင်း ၂၁၄ ရင်း စုစုပေါင်းအားဖြင့် တပ်ရင်း ၅၂၂ ရင်း သာရှိသည်။
မြန်မာစစ်တပ်၏အင်အားအကောင်းဆုံးဟုဆိုရမည့် ၂၀၁၀ နှင့် ၂၀၁၅ ကြားကာလအတွင်း တပ်ဖွဲ့ဝင်အင်အား ၂ သိန်းကျော်သာရှိသည်ကို လေ့လာတွေ့ရှိရပြီး အာဏာသိမ်းမှုမတိုင်မီ ၂၀၂၁ ခုနှစ်ကာလတွင် ၁၆၀,၀၀၀ ဝန်းကျင် သာရှိခဲ့သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar က ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်ဘက်အင်အားစုများ၏ ထိုးစစ်ဆင်မှုကြောင့် အင်အားလျော့နည်းလာသည့် စစ်ကောင်စီက ပျူစောထီးများဖွဲ့စည်းပြီး အချို့သောနေရာများတွင် အဆိုပါအင်အားဖြင့်သာ ကာကွယ်ရေးတပ်ဖွဲ့ များကို ထိန်းထားလေ့ရှိသည်။
စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာဖြင့်လွှတ်ပေးခဲ့သော ရာဇဝတ်မှုကျူးလွန်ဖူးသူ ထောင်ထွက်များကလည်း လက် နက်နှင့် အာဏာအားကိုးဖြင့် ဗိုလ်ကျမင်းလုပ်နေရာ စစ်ကောင်စီအကြိုက်တွေ့စရာဖြစ်နေတော့သည်။
“စစ်ကောင်စီတပ်ရဲ့ လူသစ်စုဆောင်းမှုမှာ အဓိကအားထားတာက အညာဒေသဖြစ်တယ်။ မကွေး၊ စစ်ကိုင်းတို့လို နေရာတွေကနေ လူအင်အားအများကြီးရလေ့ရှိတယ်” ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင် စိုး က ဆိုသည်။
“သူတို့ရဲ့ အဓိကအားထားရာ အရင်းအမြစ်တွေက အညာမှာရှိတာ။ ခုနောက်ပိုင်းအညာရဲ့ ခုခံမှုအားကလည်း ကောင်းနေတော့ စစ်တပ်အတွက် လူသစ်ရှာဖို့ ခက်လာတယ်” ဟု ၎င်းကဆက်ပြောသည်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်ခေါင်းဆောင်လက်ထက်တွင် စစ်တပ်ဖွဲ့စည်းပုံမှာလျော့ရဲလာပြီး စစ်ရေးစွမ်းရည် လည်း လျော့ကျလာသည်ဟု CDM စစ်သည်များက ဖွင့်ဟကြသည်။
သမိုင်းကြောင်းတလျှောက် အရှက်ရဖွယ်ရှုံးနိမ့်မှု
*********************
အာဏာသိမ်းမှုအလွန် တတိယမြောက်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို စစ်ကောင်စီက ကျပ်ဘီလီယံ ၅,၆၀၀ ကျော်အထိချမှတ်ကာ စစ်ရေးပြင်ဆင်ခဲ့သော်လည်း ထိုနှစ်တွင်ပင် သမိုင်းကြောင်းတလျှောက် အဆိုးဆုံးရှုံး နိမ့်မှုကို ကြုံတွေ့ခဲ့ရသည်။
၂၀၂၃ အောက်တိုဘာ ၂၇ ရက်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့ပါဝင်သည့် မြောက်ပိုင်းညီ နောင်မဟာမိတ် သုံးဖွဲ့က စစ်ကောင်စီကို စစ်ကြေညာကာ ရှမ်း/မြောက်ဒေသတွင် ဆက်တိုက်ထိုးစစ်ဆင်နွှဲခဲ့သည်။ မရှေးမနှောင်း ပင် ရက္ခိုင့်တပ်တော်AA က နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် ထိုးစစ်စတင်လာခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)၊ လောက်ကိုင်မြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁)၊ သိန္ဒီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) စသည့် စစ်ဌာနချုပ် ၄ ခုလက်အောက်ခံ တပ်ရင်း ၉၅ ရင်း ဖြန့်ကျက်ထားသည်။ ပျမ်းမျှအားဖြင့် တပ်ရင်းတစ်ခုကို အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိမည်ဟုဆိုလျှင် အင်အား ၁၈,၀၀၀ ထက်မနည်းရှိမည်ဖြစ်သည်။
များပြားလှသည့်ပမာဏ အထိုင်ချထားသော်လည်း စစ်ဆင်ရေးကာလ ၃ လအတွင်း စစ်ကောင်စီသည် လားရှိုးနှင့် မူဆယ် ၂ မြို့ကိုသာ ထိန်းချုပ်ထားနိုင်တော့ပြီး မြို့ပေါင်း ၁၇ မြို့အထိ စွန့်လွှတ်လိုက်ရသည်။ ဇန်နဝါရီ ၄ ရက်ညပိုင်းတွင် လောက်ကိုင်မြို့ ဒကစလက်အောက်ခံတပ်ရင်းများအပါအဝင် အင်အား ၂,၄၀၀ကျော် လက်နက်ချ အညံ့ခံခဲ့ပြီး စကခ – ၁၆ သည်လည်း တပ်မလိုက် ပျက်စီးဆုံးရှုံးခဲ့သည်။
စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် – AA ၏ထိုးစစ်အတွင်း မြို့ ၉ မြို့ ထပ်မံဆုံးရှုံးထားရသလို အာဏာသိမ်းကာလ ၃ နှစ် ပြည့်လာချိန်တွင် လူအင်အားပြုန်းတီးမှုများစွာနှင့်အတူ မြို့ပေါင်း ၅၀ ခန့်ကို တော်လှန်ရေးတပ်ဖွဲ့များထံ အပ်နှံခဲ့ရပြီလည်းဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်သည်အင်အားဆုံးရှုံးမှုက ၂၀,၀၀၀ ကျော်ခန့်ရှိသည်ဟု ခန့်မှန်းထားရာ စစ်ကောင်စီ၏ မြေပြင်တိုက်ပွဲဝင်နိုင်သည့်အင်အားသည် ၁ သိန်းအောက်သို့ရောက်ရှိနေပြီဟု စစ်ရေးအကဲခတ်များ က သုံးသပ်ကြသည်။
“မြေပြင်ကနေ စစ်ကူတွေမပို့နိုင်လို့ လေကြောင်းကနေပဲပစ်ကူပေးရတာတွေ ထောက်ပံ့ရေးကိစ္စတွေလုပ်ရတာ ကို ကြည့်ရင် အင်အားပြုန်းတီးနေတာ သိသာပါတယ်” ဟု စစ်ရေးအတွေ့အကြုံ နှစ် ၂၀ ကျော်ရှိခဲ့သူ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ထားသည်။
အရေးပေါ်ကာလ
***************
အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဝန်ကြီးချုပ်ရာထူးယူထားသူ စစ်ခေါင်းဆောင်သည် ၁ နှစ်အုပ်ချုပ်ပြီးနောက်ပိုင်း ၂၀၀၈ အခြေခံဥပဒေကိုချိုးဖောက်ကာ ၆ လ အရေးပေါ်ကာလ ၅ ကြိမ်အထိ သက်တမ်းတိုးမြှင့်ခဲ့သည်။
သာမန်မဟုတ်သည့် အရေးပေါ်အခြေအနေဟူသောစကားကိုအကြောင်းပြကာ ဆက်လက်အုပ်ချုပ်နေသော စစ် ခေါင်းဆောင်အတွက် ယခုကာလသည် အမှန်တကယ် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီလည်းဖြစ်သည်။
လူသစ်အင်အားဖြည့်တင်းရေးအတွက် အခက်ကြုံနေရသည့် စစ်ကောင်စီသည် ဗိုလ်လောင်းသင်တန်းနှင့် အခြေခံ စစ်သည်ခေါ်ယူရေး အခက်အခဲများစွာနှင့်ရင်ဆိုင်နေရသည်ကို ပြီးခဲ့သည့် ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် ၆၅ ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် ဗိုလ်လောင်းအရေအတွက် သိသိသာသာလျော့သွားသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။
၂၀၂၃ ဇူလိုင်လအတွင်း ပေါက်ကြားလာသောစာရင်းအရ ခမရ ၁၄၄ ၏ စာရင်းရှိအင်အားသည် ၁၃၂ ဦးခန့်သာရှိ သည်ဟု ISP Myanmar ကထောက်ပြထားသည်။ တပ်မ ၇၇ ၏ ဖွဲ့စည်းပုံအရ ၈,၅၇၀ ရှိရမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် စစ်ထွက်အင်အားသည် ၇၀၀ ကျော်ခန့်သာရှိတော့သည်ဟု နီးစပ်သည့် စစ်ရေးအရင်းအမြစ်များထံက သိရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ဦးဆုံးလက်နက်ချခဲ့သည့် ခလရ ၁၂၉ MNDAA ထံ လက်နက်ချချိန်တွင် ၁၂၆ ဦးသာ ရှိပြီး ကုန်းကြမ်းအခြေစိုက် ခလရ ၁၂၅ သည်လည်း တပ်ဖွဲ့ဝင် ၉၃ ဦးသာရှိခဲ့သည်။
စစ်ကောင်စီအတွက် အသက်ကယ်စစ်မှုထမ်းဥပဒေ
*********************
ပြည်ပနိုင်ငံနှင့်စစ်မက်ဖြစ်ပွားနေခြင်းမရှိသော်လည်း လူအင်အားပြုန်းတီးမှုကြောင့် စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁ ၀ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်သည်။ ဧပြီလကစ၍ အပတ်စဉ်တစ်သုတ်ကို လူ ၅,၀၀၀ ခေါ်မည်ဖြစ်ပြီး ၁ နှစ်လျှင် ၆၀,၀၀၀ ဝန်းကျင်ခန့်ရှိမည်ဖြစ်သည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အကြားအမျိုးသမီးများမှာ အဆိုပါစစ်မှုထမ်းရမည့် အသက်အပိုင်းအခြားထဲ ပါဝင်နေသည်။
၂၀၁၄ ကြားဖြတ်သန်းခေါင်းစာရင်းအရ အမျိုးသား ၆ ဒဿမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒဿမ ၇ သန်းရှိပြီး ထိုစဥ်က စုစုပေါင်းလူဦးရေ ၅၁ သန်းကျော်ရှိသည်ဟုဖော်ပြခဲ့သောကြောင့် ၂၇ ရာခိုင်နှုန်းအထိ စစ်မှုထမ်းရမည့်အထဲ အကျုံးဝင်နေပါသည်။ နောက်ပိုင်းတွင်တော့ စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်း က အမျိုးသားများကိုသာ စစ်မှုထမ်းရန်ဆင့်ခေါ်သွားမည်ဟု ဆိုလာပြန်သည်။
စစ်မှုထမ်းကာလမှာ သာမန်လူငယ်ဆိုလျှင် အနည်းဆုံး ၂ နှစ်၊ စက်မှုလက်မှုကျွမ်းကျင်သူဆိုလျှင် အနည်းဆုံး ၃ နှစ် ဖြစ်ပြီး အရေးပေါ်ကာလဖြစ်လျှင် ၅ နှစ်စစ်မှုထမ်းရမည်ဟု အဆိုပါဥပဒေတွင် ထည့်သွင်းထားသည်။
အရေးပေါ်ကာလဟု ဆက်တိုက်သုံးနှုန်းထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင်လက်ထက်တွင် စစ်မှုထမ်းကာလ သည်လည်း ၂ နှစ်မဖြစ်တန်ရာဟု လူငယ်အများစုက ယူဆကြပြီး စစ်မှုထမ်းဥပဒေကို ခါးခါးသီးသီး တုံ့ပြန်နေကြ ခြင်းလည်းဖြစ်သည်။ စစ်မှုထမ်းရန်ပျက်ကွက်မည်ဆိုလျှင်လည်း ထောင်ဒဏ် ၅ နှစ်ကျခံရမည်ဟု ပြစ်ဒဏ်ကြီး ချမှတ်ထားသည်။
စစ်ကောင်စီအတွက် စစ်မှုထမ်းဥပဒေသည် အသက်ကယ်ဆေးဖြစ်နိုင်သော်လည်း စစ်မှုမထမ်းလိုသည့် လူငယ် များအတွက် တော်လှန်ဆန့်ကျင်ရန်နှင့် ပြည်ပထွက်ရေးကလွဲရင် ရွေးချယ်စရာအခွင့်အလမ်းနည်းပါးလာကာ အသက်သေဆေးသဖွယ်ဖြစ်နေတော့သည်။
အင်အားပိုကြီးထွားလာသည့် တော်လှန်ရေးတပ်များ
**********************
အာဏာမသိမ်းခင်ကာလတွင် မြန်မာနိုင်ငံတဝှမ်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးပေါင်း၏ အင် အားသည် ၁ သိန်းခွဲဝန်းကျင်ခန့်ရှိမည်ဟု နိုင်ငံတကာအသိုင်းအဝန်းက ခန့်မှန်းသုံးသပ်ထားသည်။ ထိုအပိုင်း အခြားတွင် စစ်ကောင်စီနှင့်EAO များအကြား အင်အားချိန်ခွင်လျှာသည် မျှခြေအနေအထားရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းနှစ်များတွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြသည့် လူငယ်များကြောင့် ထိုမျှခြေ အနေ အထားမှာ တဖြည်းဖြည်းပျက်စီးလာခဲ့တော့သည်။
အာဏာသိမ်းမှု ၃ နှစ်ပြည့်တွင် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ တပ်ရင်း ၃၀၀ ကျော်ရှိလာခဲ့သည်။ တပ်ရင်းတစ်ခုကို ပျမ်းမျှ ၂၀၀ ဝန်းကျင်နှင့်တွက်မည်ဆိုလျှင် တပ်ဖွဲ့ဝင်အင်အား ၆၀,၀၀၀ ကျော် အထိ ရှိမည်ဖြစ် သည်။ ထို့အပြင် မြို့နယ် ၂၀၀ ကျော်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့များပါ ထည့်ပေါင်း မည်ဆိုလျှင် စုစုပေါင်းအင်အား ၄ သိန်းခန့်ရှိမည်ဖြစ်သည်။ စစ်ကောင်စီစခန်း ၅၀၀ ကျော်နှင့် မြို့ပေါင်း ၂၂ မြို့ကို သိမ်းထားနိုင်သည့် မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့၏ အင်အားသည်လည်း အများကြီးတိုးတက်လာခဲ့သည်။
၂၀၀၉ ခုနှစ်က လောက်ကိုင်မြို့အပါအဝင် ထိန်းချုပ်နယ်မြေများကို စွန့်လွှတ်လိုက်ရသည့် ကိုးကန့်တပ်ဖွဲ့ MNDAAသည် ၂၀၂၄ တွင် ကိုးကန့်ဒေသတစ်ခုလုံးကို ပြန်လည်စိုးမိုးထားနိုင်ခဲ့ပြီဖြစ်သည်။ စစ်ရေးကျွမ်းကျင်သူများ က MNDAA ၏လက်ရှိအင်အားကို ၈,၀၀၀ မှ ၁၀,၀၀၀ ကြားရှိမည်ဟု ခန့်မှန်းထားကြသည်။
၂၀၂၂ ခုနှစ်တွင် အသစ်ဖွဲ့စည်းလိုက်သည့် တပ်မဟာ ၆၁၁ အပါအဝင် MNDAA တွင် တပ်မဟာ ၄ ခုအထိရှိသည်။ တပ်မဟာ ၆၁၁ တွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF စသည့် တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ဟုလည်း သိရသည်။
International Crisis Group-ICG က ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းထုတ်ပြန်သည့် “ခယောင်းလမ်းကို ပါးပါးနပ်နပ်လျှောက်လှမ်းခြင်း”အမည်ရအစီရင်ခံစာတွင် တအာင်းတပ်မတော်- TNLA သည် အင်အား ၁၀,၀၀၀ မှ ၁၅,၀၀၀ အထိ ကြီးထွားလာနေသည်ဟု သုံးသပ်ထားသည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က မြို့ ၇ မြို့ကို သိမ်းပိုက်ထားနိုင်ပြီး တပ်မဟာ ၆ ခုနှင့် လှုပ်ရှားဆောင်ရွက်နေကာ အုပ်ချုပ်ရေးယန္တရားကိုပါ တပါတည်း ဖော် ဆောင်လာနိုင်သည်။
ထို့အတူ နိုင်ငံ့အနောက်ဖျားပိုင်းက ရက္ခိုင့်တပ်တော်၏အင်အားသည်လည်း များစွာတိုးတက်လာခဲ့သည်။ ဖေဖော်ဝါ ရီလအတွင်း BBC မြန်မာပိုင်းနှင့် သီးသန့်အင်တာဗျူးတွင် အင်အား ၈,၀၀၀ ခန့် တိုးပွားလာခဲ့သည်ဟုAA စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် အင်အား ၄၀,၀၀၀ မှ ၅၀,၀၀၀ ကြားထိရှိနေပြီဟု စစ်ရေးအကဲခတ်များက သုံးသပ်ထားသည်။
NUG ၏ အမှတ် ၁ စစ်ဒေသမှူးအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခေါင်လန်းက တာဝန်ယူထားပြီးKIA မူလလှုပ်ရှားတပ်ရင်း ၂၁ ခုအပြင် KPDF များကိုပါ ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စနစ်တကျ စစ်ရေးလှုပ်ရှားလျက်ရှိသည်။
ခုခံတွန်းလှန်မှုအားကောင်းသည့် ချင်းပြည်နယ်တွင် လက်နက်ကိုင်အစုဖွဲ့ပေါင်း ၄၀ ထက်မနည်း လှုပ်ရှားနေပြီး ကရင်နီပြည်နယ်တွင်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က တပ်ရင်း ၂၁ ခု၊ အင်အား ၅,၀၀၀ ကျော်အထိ စုဖွဲ့ထားနိုင်သည်။
အထက်ပါ အချက်များအရ စစ်အာဏာသိမ်း ၃ နှစ်တာကာလအတွင်း အဖွဲ့အစည်းအသီးသီးရှိ လက်နက်ကိုင်အရေ အတွက်သည် အာဏာမသိမ်းခင်ကထက် ၂ ဆကျော်ခန့်ခုန်တက်သွားသည်ကို မြင်တွေ့နိုင်သည်။
အပြိုင်အဆိုင်လူခေါ်ပွဲများ
*******************
ကရင်အမျိုသားအစည်းအရုံး KNU က စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကန့်ကွက်ပြီး မဝင်ရောက်လို သည့်လူငယ်များကို လက်ခံသွားမည်ဟု သဘောထားထုတ်ပြန်ထားသလိုKNU နယ်မြေအတွင်းPDF များ၊ လှုပ်ရှားစစ်ကြောင်းများ ယခင်ကတည်းက ရှိခဲ့ပြီးဖြစ်သည်။
NUG လက်အောက်ခံ ရန်ကုန်တိုင်းစစ်ဒေသကလည်း စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ချက်ချင်းဆိုသလိုတပ် သားသစ်ခေါ်စာထုတ်ပြန်ခဲ့ရာ အနယ်နယ်အရပ်ရပ်ကလူငယ်များ ၂၄ နာရီအတွင်း ဝင်ရောက်လိုကြောင်း ဆက် သွယ်လာသည်မှာ ထောင်နှင့်ချီရှိသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် – RCSS \ SSA က အမျိုးသားရေးတာဝန်များကို ထမ်းဆောင်လိုစိတ်ရှိသော ရှမ်းလူငယ်များအား လက်ခံကြိုဆိုသွားမည်ဖြစ်သည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်သည် ယခင်ကတည်းက ရှိထားသည့် စစ်မှုထမ်းဥပဒေကို ပြန်လည်ထုတ်ပြန်ခြင်းသာဖြစ် သည်ဟု RCSS ဗိုလ်မှူး ခမ်းစံ က ပြောသည်။
RCSS သည် ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်လာခဲ့ပြီး ၂၀၁၅ခုနှစ် အောက်တို ဘာ ၁၅ တွင်NCA လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့လည်းဖြစ်သည်။
ပအိုဝ်းတစ်မျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် လာရောက်ပူးပေါင်းကြရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်PNLO ကလည်းထုတ်ပြန်ထားသလို ပအိုဝ်းအမျိုးသားတပ်PNO ပြည်သူ့စစ်ကလည်း ပအိုဝ်းလူငယ်များကို ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် ခေါ်ယူမှုများရှိသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကိုရှောင်ရှားလျှင် ထောင်ဒဏ် ၅ နှစ်ကျခံရမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင်လည်း ၎င်းတို့ချမှတ်ထားသည့် ပြစ်ဒဏ်အသီးသီးရှိနေသည်။
ပြည်ပသို့ရောက်ရှိနေသူများလည်း လာရောက်စစ်မှုထမ်းရမည်ဖြစ်ပြီး နိုင်ငံခြားသို့ မိသားစုလိုက်ထွက်ပြေးတိမ်း ရှောင်လျှင် နေအိမ်နှင့် ပိုင်ဆိုင်မှုများကိုသိမ်းဆည်းသွားမည်ဟု RCSS ၏ကြေညာချက်တွင်ဖော်ပြထားသည်။
MNDAA ကလည်း လူမျိုးမရွေးစစ်သားစုဆောင်းနေပြီး သျှမ်းကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ဝင် စိုင်း ညွန့် ကို အဓမ္မစစ်သားစုဆောင်းထားသည်ဟု သျှမ်းကျောင်းသားသမဂ္ဂက ဖေဖော်ဝါရီ ၁၇ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
ထို့အတူSSPP၊ TNLA နှင့် KIA တို့ကလည်း တပ်သားသစ်စုဆောင်းမှုများရှိနေရာ ပြည်သူများအနေဖြင့် ပြေးစရာ မြေမရှိဖြစ်နေရသလို ရရာနည်းလမ်းဖြင့် ပြည်ပထွက်ခွာရန်ကြိုးစားရာတွင်လည်း ငွေလိမ်ခံရခြင်း၊ လူကုန်ကူးခံ ရခြင်း၊ တရားမဝင်ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရခြင်းစသည့် အခြေအနေပေါင်းစုံဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
စစ်မှုထမ်းဥပဒေ၏ သက်ရောက်မှုများ
****************
ပြည်သူ့စစ်မှုထမ်းဥပဒေသည် တော်လှန်ရေးအတွက် ကောင်းကျိုး၊ ဆိုးကျိုးဒွန်တွဲနေသည့် အကျိုးသက်ရောက်မှု များရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး က သုံးသပ်သည်။
“အရင်ထဲက အချိတ်အဆက်ရှိပြီးသားလူတွေအနေနဲ့ တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်ပါဝင်သွားဖို့အတွက်လည်း တွန်းအား တစ်ခုဖြစ်လာစေတယ်။ ဒီလိုဥပဒေထုတ်လိုက်တဲ့အတွက် တော်လှန်ရေးမှာ ကောင်းကျိုးဖြစ်လာတယ် လို့တော့ တရားသေယူဆလို့မရဘူး။ တော်လှန်ရေးဆိုတာမျိုးက ခံယူချက်မပါဘဲလုပ်ရင် အင်မတန်အန္တရာယ် များ တယ်” ဟုပြောသည်။
လူငယ်များ မတရားလူစုဆောင်းခံရသည့်အခြေအနေမျိုးက တားဆီးနိုင်အောင်၊ လူငယ်များ၏ ဘဝရှေ့ရေးကို အကာအကွယ်ပေးနိုင်အောင် အစီအစဉ်များချမှတ်ရန် လိုအပ်သည်ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆက်လက် တိုက်တွန်းပြောဆိုသည်။
“စစ်တပ်က ဖိအားပေးလို့ ဒီဘက်ကို လက်နက်လာကိုင်တယ်ဆိုတာမျိုးက လူတချို့အတွက် အဆင်ပြေကောင်း ပြေနိုင်တယ်။ ဒါပေမယ့် လူငယ်တိုင်းအတွက် အဖြေတစ်ခုတော့မဟုတ်သေးဘူး။ ကျန်တဲ့နည်းလမ်းတွေကို စုပေါင်းစဉ်းစားကြဖို့၊ စီစဉ်ကြဖို့ လိုမယ်လို့ မြင်ပါတယ်” ဟုဆိုသည်။
တိုင်းပြည်တိုးတက်ရေးအတွက် ကဏ္ဍအသီးသီးက ပါဝင်စွမ်းဆောင်ကြရမည့် လူငယ်လူရွယ်များအချိုးအစားထက် လက်နက်ကိုင်ဆောင်သူအရေအတွက်ပိုမိုများပြားလာခြင်းက တိုင်းပြည်၏ရှေ့ရေးအတွက် ရင်လေးစရာပင်ဖြစ် သည်။
ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ – PRCF ကရေးဆွဲထားသည့် ဖက်ဒရယ်ပြည် ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတွင် “ပြည်ထောင်စုတစ်ခုလုံး၏ စုစုပေါင်းအမြဲတမ်းစစ်သည်အင်အားသည် ပြည်ထောင်စုလူဦးရေ၏ ၀ ဒဿမ ၅ ရာခိုင်နှုန်းထက် ကျော်လွန်ခြင်းမရှိစေရ။ လိုအပ်သည့်အချိန်တွင် အင်အားဖြည့်တင်းနိုင်ရန် အရံတပ်ဖွဲ့များထားရှိနိုင်သည်” ဟုထည့်သွင်းဖော်ပြထားသည်။
တိုင်းပြည်တစ်ပြည်တွင် လိုအပ်သည့်စစ်သည်အင်အားထက် စစ်သည်ပိုမိုများပြားနေခြင်းက မလိုလားအပ်သည့် အခြေအနေမျိုး ဖြစ်ပေါ်လာတတ်သည့်အတွေ့အကြုံကိုသင်ခန်းစာယူကာ အထက်ဖော်ပြပါ ဖက်ဒရယ်ပြည် ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတွင် ပြဋ္ဌာန်းရခြင်းဖြစ်သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – ALD ၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် က ဆိုသည်။
“ကျွန်တော်တို့နိုင်ငံမှာ အခုထိ ဖြစ်နေတာလည်း အဲဒီ့ကိစ္စပဲ။ စစ်သားက တခြားတခြားသောနေရာတွေမှာ ပါလာတဲ့ အခါ တိုင်းပြည်က မငြိမ်းချမ်းဘူး။ မသာယာဘူး၊ အရာရာကို စစ်တပ်ကပဲ လွှမ်းမိုးတာမျိုးဖြစ်လာတယ်။ အဲဒီ အတွေ့အကြုံကြောင့် အခုလိုပုံစံမျိုး ကန့်သတ်ထားတာပါ” ဟုပြောသည်။
တောင်ကိုးရီးယားအပါအဝင် ပြည်ပကျူးကျော်မှုများရင်ဆိုင်နေရသည့် နိုင်ငံအချို့တွင် စစ်မှုထမ်းဥပဒေများ ပြဋ္ဌာန်းထားသော်လည်း မြန်မာနိုင်ငံကဲ့သို့ ပြည်တွင်းပဋိပက္ခပြင်းထန်နေသည့် နိုင်ငံအနေဖြင့် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းသည် မသင့်တော်သည့် လုပ်ရပ်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဝေဖန်ကြသည်။
ကုန်ထုတ်စွမ်းအားအမြင့်ဆုံးအရွယ်၊ စဉ်းစားဖန်တီးနိုင်စွမ်းအရှိဆုံးအရွယ်၊ ကျန်းမာရေးအရ အသင့်တော်ဆုံး အရွယ်များကို လက်နက်ကိုင်ရမည့်အခြေအနေဆီ တွန်းပို့နေခြင်းက အလွန်အန္တရာယ်များသည့်ကိစ္စတစ်ခုလည်း ဖြစ်သည်။
သာဓကဆိုရလျှင် ကရင်နီဒေသ၌ လူဦးရေ စုစုပေါင်း ၃ သိန်းဝန်းကျင်သာရှိကာ ၄၀ ရာခိုင်နှုန်းက လက်နက်ကိုင်နေကြသလို ကျန်သည့်ရာခိုင်နှုန်းအများစုက စစ်ဘေးရှောင်များဖြစ်ကြသည်။
လက်နက်ကိုင်တိုက်ပွဲဝင်ရင်းသော်လည်းကောင်း၊ စစ်ရှောင်နေစဉ်သော်လည်းကောင်း ထိခိုက်သေဆုံးခြင်း၊ ထိခိုက် မှုကြောင့် မသန်စွမ်းဦးရေများပြားလာခြင်းများလည်း ရှိသည်။
အဆိုပါ အခြေအနေကို မတားဆီးမထိန်းချုပ်နိုင်လျှင် တော်လှန်ရေးကာလအလွန် နိုင်ငံပြန်လည်ထူထောင်ရေး ကိစ္စရပ်များအပါအဝင် အခြားကဏ္ဍပေါင်းစုံတွင် ပြန်ပြီးနာလန်ထူနိုင်ရန် နှစ်ပေါင်း ၂၀၊ ၃၀ ကျော်အထိ အချိန်ယူ ကာ ကြိုးစားဆောင်ရွက်ရမည့် အနေအထားမျိုးရောက်ရှိသွားပေတော့မည်။