![]()
 
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲနီးပါးနှင့် ညီမျှသော တရုတ်ငွေ ယွမ်ဆယ်သိန်းခန့် တန်ဖိုးရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းသုံး စက်ပစ္စည်းအလုံးရေ တစ်သောင်းခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အထူးဒေသ (၄) သတင်းပြန်ကြားရေးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၃၁ ရက်က ပြုလုပ်ခဲ့သည် အဆိုပါ ဖျက်ဆီးမှုတွင် မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများနှင့် အင်တာနက် Router များ အပါအဝင် စက်ပစ္စည်း အမျိုးအစားအများအပြား ပါဝင်ပြီး အရေအတွက်အားဖြင့် တစ်သောင်းခန့်ရှိသည်ဟု သိရသည်။ ၎င်းတို့ကို အထူးဒေသ (၄) ရဲတပ်ဖွဲ့က ကျားဖြန့်စခန်းများအား ဝင်ရောက်စီးနင်းရာမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မီးရှို့ဖျက်ဆီးခြင်း မပြုမီ အဆိုပါ စက်ပစ္စည်းများကို ပြန်လည်အသုံးမပြုနိုင်စေရန် စက်ကြီးများဖြင့် နင်းချေဖျက်ဆီးခဲ့ပြီး လုပ်ငန်းစဉ်တစ်ခုလုံးကို အထူးဒေသ (၄) ရဲတပ်ဖွဲ့ဝင်များက ကြပ်မတ်စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။
 
ထိုသို့ ဖျက်ဆီးလိုက်ခြင်းသည် ကျားဖြန့်လုပ်ငန်း နှိမ်နင်းမှုဆိုင်ရာ အောင်မြင်မှုနှင့် ကျားဖြန့်လုပ်ငန်းကို ပြင်းထန်စွာ နှိမ်နင်းသွားမည်ဟူသော ဒေသအစိုးရ၏ ဆုံးဖြတ်ချက်ကို ပြည်သူများထံ အသိပေးလိုက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထူးဒေသ (၄) အာဏာပိုင်များသည် ယခုနှစ်အတွင်း တရုတ်နိုင်ငံမှ တရားစီရင်ရေးအဖွဲ့အစည်းများနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ကျားဖြန့်လုပ်ငန်းများ မြင့်တက်လာမှုကို ထိန်းချုပ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ဆိုသည်။
အထူးဒေသ (၄) ရဲတပ်ဖွဲ့အနေဖြင့် နယ်မြေဖြတ်ကျော် တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ၏ အရင်းအမြစ်ကို ပြင်းထန်စွာ တိုက်ဖျက်ကာ အခြေစိုက်စခန်းများ အမြစ်ဖြတ် သုတ်သင်နိုင်သည်အထိ ကြိုးပမ်းသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
#ကန်ဒေါ်လာ၁သိန်းခွဲ #ကျားဖြန့်ပစ္စည်း #မီးရှို့ဖျက်ဆီး #ThanLwinKhetNews

									 
					