![]()
ဖိုးသောကြာ
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ အလယ်ရွာကျေးရွာနေ စစ်ရှောင် မသန်စွမ်းအမျိုးသမီးတစ်ဦးကို လက်နက်ကိုင် တပ်သားတစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းနှင့်ပတ်သက်၍ အလေးအနက်ထား စုံစမ်းဖော်ထုတ်ပေးရန် SNA ကို ကတူးအရပ်ဖက်အဖွဲ့စည်းများက နိုင်ဝင်ဘာ ၄ ရက် ရက်စွဲဖြင့် တောင်းဆိုထားသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀၊ ည ၉ နာရီခန့်က မိခင်အပါအဝင် အခြားအမျိုးသမီး ၃ ဦးနှင့် အတူရှိနေသည့် မသန်စွမ်း ကတူးအမျိုးသမီးတစ်ဦးအား လက်နက်ကိုင်တပ်သား နှစ်ဦးက စစ်ဆေးစရာရှိသည်ဟုဆိုကာ အတင်း ခေါ်ဆောင်သွားပြီး တပ်သား တစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
“သမီးမိန်းကလေးတစ်ယောက်တည်းမို့ ကျန်းမာရေးချူချာတယ်လို့ပြောတာကို ဘယ်လိုပြောပြော နားမထောင်ဘဲ ခြိမ်းခြောက်ပြီးခေါ်သွားတာ၊ စိတ်နာတယ်။ မကျေနပ်ဘူး’’ ဟု ကျူးလွန်ခံရသူ၏ မိခင်က ဆိုသည်။
ကျူးလွန်ခံရသူအမျိုးသမီးမှာ အသက် ၃၅ နှစ်အရွယ် ပိုလီယိုရောဂါသည် မသန်စွမ်း အမျိုးသမီးတစ်ဦး ဖြစ်သည်။ဗန်းမောက်မြို့၊ အလယ်ရွာသည် ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် စစ်ကော်မရှင်တပ်တို့ အဓိက တပ်စွဲထားပြီး ကျူးလွန်သူမှာ SNA တပ်သားဖြစ်သည်ဟု သိရသည်။
ကတူးစာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ တာဝန်ရှိသူ ကတူးသန်းနိုင်က “လူမျိုးရေးပဋိပက္ခအဖြစ် ပုံဖော်ခံရတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အလေးအနက်ထားပြီး ဖြေရှင်းဆောင်ရွက်ပေးကြဖို့ အားလုံးကို မေတ္တာရပ်ခံပါတယ်’’ ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ သူ့လူမှုကွန်ယက်စာမျက်နှာတွင် မှတ်ချက်ပေးထားသည်။
ကတူးလူငယ်များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ကတူးတင်မျိုးထွန်းကလည်း “SNA ထိန်းချုပ်နယ်မြေတွင် ဖြစ်ပွားခဲ့သည်ကို တာဝန်ရှောင်လွှဲကာ ဘူးတစ်လုံးဆောင် ငြင်းဆန်ရုံမျှ ဖြေရှင်းပါက သမိုင်းအမဲစက်ကြီးမားတော့မည်’’ ဟု ပြောဆိုထားသည်။
ရှမ်းနီအမျိုးသားများတပ်မတော် SNA သည် စစ်ကိုင်းတိုင်းအထက်ပိုင်းတိုက်ပွဲများ၌ စစ်ကော်မရှင်တပ်နှင့်အတူ ပူးပေါင်းတိုက်ပွဲဖော်ဆောင်နေသည်။
SNA နှင့် စစ်ကော်မရှင်တပ်တို့က တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် ဗန်းမောက်မြို့ကို ပြန်လည်သိမ်းပိုက်ရန်ထိုးစစ်ဆင်နေခြင်းကြောင့် ဒေသခံ ကတူး၊ ရှမ်းနီ၊ ဗမာအစရှိသည့် စစ်ရှောင်အရပ်သားပြည်သူ တစ်သောင်းကျော် အခက်အခဲ ရင်ဆိုင်နေရသည်ဟု သိရသည်။
#မသန်စွမ်းအမျိုးသမီး #အဓမ္မအပြုကျင့်ခံရ #စုံစမ်းအပြစ်ပေးရန် တောင်းဆို #ThanLwinKhetNews
