![]()
ထိုင်းအာဏာပိုင်များ၏ နောက်ဆုံးထုတ်ပြန်ထားသော မြန်မာဘက် အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ လွတ်မြောက်လာသည့် နိုင်ငံခြားသားများတွင် အိန္ဒိယနိုင်ငံသား ၄၆၅ ဦးဖြင့် အများဆုံး ရှိနေသည်ဟု သံလွင်ခက်မှ လက်ခံရရှိသော စာရင်းများအရ တွေ့ရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီအထိ စာရင်းများအရ စုစုပေါင်း လူဦးရေ ၁,၅၉၈ ဦးတွင် ၁,၃၅၉ ဦးမှာ ပြန်လည်ပို့ဆောင်ရန် စောင့်ဆိုင်းဆဲဖြစ်သည်ဟု ဖော်ပြထားသည်။
ပြန်လည်ပို့ဆောင်ရန် ကျန်ရှိနေသူစာရင်းတွင် ဖိလစ်ပိုင်နိုင်ငံသား ၂၁၉ ဦး၊ တရုတ်နိုင်ငံသား ၁၈၃ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁၃၀ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၁၀၉ ဦးတို့က အရေအတွက်အများဆုံး နိုင်ငံများအဖြစ် အစဉ်လိုက် ရှိနေသည်။
ထို့ပြင် စာရင်းများတွင် လတ်တလော ပြန်လည်ပို့ဆောင်ပြီးသော မြန်မာနိုင်ငံသား ၁၂၆ ဦးနှင့် ထိုင်းနိုင်ငံသား ၃၂ ဦးလည်း ပါဝင်သည်။
ထိုင်းမြန်မာချစ်ကြည်ရေးတံတား ၂ ဝင်းနေရာသည် ပြန်လည်ပို့ဆောင်ရန် စောင့်ဆိုင်းနေသူများကို အများဆုံး ထိန်းသိမ်းထားသည့် နေရာဖြစ်ပြီး စုစုပေါင်း ၈၉၈ ဦးအထိ ရှိနေသည်ဟု သိရသည်။ အခြားထိန်းသိမ်းရေးစခန်းများတွင် ၄၆၁ ဦး နှင့် ဘန်ကောက်ထိန်းသိမ်းရေးစခန်းတွင် ၇၆ ဦး ရှိနေသည်။
အရေအတွက်အများဆုံးဖြစ်သော အိန္ဒိယနိုင်ငံသား ၄၆၅ ဦးအနက် ၁၄၁ ဦးမှာ တံတား ၂ ဝင်းတွင် ရှိနေပြီး ကျန် ၃၂၄ ဦးမှာ ထိန်းသိမ်းရေးစခန်းတွင် ရှိနေသည်။ ဖိလစ်ပိုင် ၂၁၉ ဦး၊ အီသီယိုးပီးယား ၁၃၀ ဦး၊ ကင်ညာ ၆၉ ဦးနှင့် ယူဂန်ဒါ ၃၀ ဦးအပါအဝင် အာဖရိကနိုင်ငံအများစုမှ နိုင်ငံသားများသည်လည်း တံတား ၂ ဝင်းတွင် စောင့်ဆိုင်းနေသည်ဟု စာရင်းများအရ သိရသည်။
ထို့ကြောင့် နိုင်ငံပေါင်း ၂၈ နိုင်ငံကျော်မှ လူ ၁,၃၅၉ ဦးသည် ထိုင်းနိုင်ငံ၏ ထိန်းသိမ်းရေးစခန်းများတွင် ပြန်လည်ပို့ဆောင်ခံရမည့် အခြေအနေကို စောင့်ဆိုင်းနေဆဲဖြစ်သည်။
အဆိုပါ နိုင်ငံခြားသားများမှာ အောက်တိုဘာ ၁၉ ရက်က စစ်တပ်မှ KK Park ကျားဖြန့်ငွေလိမ်ဂိုဏ်းများအား ဝင်ရောက်နှိမ်နင်းသည်ဟု သတင်းဖြန့်ပြီးနောက် မြဝတီဘက်ခြမ်း အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ထွက်ပြေးလာသူများဖြစ်သည်။
ထိုင်းအာဏာပိုင်များကတော့ နိုဝင်ဘာ ၂ ရက်နောက်ပိုင်း ထိုင်းဘက်ခြမ်း တရားမဝင် ဝင်ရောက်လာသူများကို အမှုဖွင့်အရေးယူသွားမည်ဟု သတိပေးထုတ်ပြန်ထားသည်။
#ကျားဖြန့် #ထိုင်းဘက်ထွက်ပြေးလာသူ #အိန္ဒိယနိုင်ငံသား #ThanLwinKhetNews
