ကလေးဒေသခံများ လေကြောင်း၊ လက်နက်ကြီးဒဏ်ခံနေရ
*******************
သံလွင်ခက်
မတ် ၁၁၊ ၂၀၂၄။
စစ်ကောင်စီတပ်က တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိကျေးရွာများကို လေ ကြောင်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက်ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ကလေးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၁ ရက်ကစ၍ ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားနေပြီး ကာကွယ်ရေးပူးပေါင်းတပ်များက ကလေးမြို့နယ် တောင်ပိုင်းနှင့်မြောက်ပိုင်း နှစ်ဖက်ညှပ် တိုက်ခိုက်နေခြင်းဖြစ်သည်။
တိုက်ပွဲအတွင်းအထိနာနေသည့် စစ်ကောင်စီတပ်က အဆိုပါတောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်စပြီး စစ်ကောင်စီတပ်က ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများဖြစ်သည့် ထိုမာ၊ စီးစံ၊ ကြာအင်း၊ သာယာကုန်း၊ ထောက်ကြန့် ၊ မြောင်းစုံစသည့် ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကလေးငယ်အပါအဝင် ဒေသခံ ၁၅ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံ ၁ ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” ထိခိုက်ဒဏ်ရာရတာက တောင်ပိုင်းမှာများတယ်။ တောင်ပိုင်းမှာက ပဲတွေ သိမ်းတဲ့အချိန်ဆိုတော့ အလှမ်းဝေးပါတယ်ဆိုပြီး အလုပ်လုပ်တဲ့အချိန်မှာ ထုခံရတာဆိုတော့ ထိခိုက်မှုများတယ်။ မနေ့က လေကြောင်းတော့မလာဘူး။ လက်နက်ကြီး ထုတော့ တောင်သူတွေ ထိခိုက်မှုတွေရှိတယ်။ ကျွန်တော် သိရသလောက် ၇ ယောက်လောက်ထိသွားတယ်။ အဲ့ထဲက ဆုံးတာက ၁ ယောက် ” ဟုဆိုသည်။
စစ်ကောင်စီတပ်သည် ကလေးမြို့တောင်ပိုင်းက ကျေးရွာများသာမက မြောက်ပိုင်းရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက်ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ကလေးမြို့မြောက်ပိုင်းနှင့် တောင်ပိုင်းရှိကျေးရွာများကို ကလေးနည်းပညာတက္ကသိုလ်အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ ဝင်များနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ဒကစ ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်နေခြင်းဖြစ်သည်။
ထိုကဲ့သို့ အထိုင်ချတပ်စွဲထားသည့်နေရာများမှ ပစ်ခတ်မှုများရှိသလို ကားဖြင့် လှည့်လည်ပစ်ခတ်မှုများလည်းရှိ သည် ဟု ဒေသခံများထံက သိရသည်။
ဒေသခံ ၁ ဦးက ” အရှင်ထားပြီး သွားနေတာ အခုဟာက ။ ရှေ့နဲ့ နောက်မှာ စက်လက်တပ်ထားတဲ့ ကား ၂ စီးသွား တယ်။ အဲ့ကြားထဲမှာမှ လက်နက်ကြီးကားက လိုက်တယ်။ အဲ့လို လုံခြုံရေးယူပြီး အဲ့ကားတန်းက မြောက်ပိုင်းကို သွားလိုက်၊ တက္ကသိုလ်ဘက်သွားလိုက်၊ ဆုံလည်လှည့်ပစ်ခတ်နေတာ ” ဟုဆိုသည်။
စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းဖြင့်ပစ်ခတ်နေသည့်အတွက် ကလေးမြို့နယ် တောင်ပိုင်းက ထို မာ၊ စီးစံ၊ ကြာအင်း၊ သာယာကုန်း၊ ထောက်ကြန့် ၊ မြောင်းစုံစသည့် ကျေးရွာများနှင့် မြောက်ပိုင်းက အောင်သာယာ၊ ကံကြီး၊ ကံသာ စသည့်ကျေးရွာများအပါအဝင် ကျေးရွာ ၃၀ က ဒေသခံထောင်ကျော်သည် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လက်ရှိတွင် ရာသီဥတုအကူးအပြောင်းကာလဖြစ်သည့်အတွက် ဖျားနာမှုများ ရှိနေသောကြောင့် ဆေးဝါးနှင့် စားနပ်ရိက္ခာလိုအပ်မှုများရှိနေသည်ဟု စစ်ရှောင်ကူညီသူများထံက သိရသည်။
ဓာတ်ပုံ – CJ
ပုံစာ – ကလေးမြို့နယ်ကို လေကြောင်းဖြင့်လာရောက်တိုက်ခဲ့သည့်လေယာဉ်များ၊ ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3698
YouTube – > https://youtu.be/TceG2kpe7LU?si=jsftY9fPngXvXmQ5
Website – > https://thanlwinkhet.net/?p=8246