![]()
ခင်သရဖီဦး
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် မြို့နယ်များတွင် မွေးကင်းစမှ အသက် ၃ နှစ်အောက်ကလေးသူငယ်များကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ကာကွယ်ဆေးများ ထိုးပေးနေသည်ဟု သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၃ ရက်မှစပြီး ယနေ့ ၄ ရက်အထိ နှစ်ရက်ခန့် ထိုးပေးနေခြင်း ဖြစ်သည်ဟု မြောက်ဦးမှ အသက် ၂၅ နှစ်အရွယ် သူနာပြု တစ်ဦးက ဆိုသည်။
”မနေ့ကတည်းက စထိုးနေတာပါ။ မြို့နယ် အားလုံးမှာ ထိုးပေးနေပါတယ်။ အဓိက ကာကွယ်ဆေး မထိုးလိုက်ရတဲ့ ၃ နှစ်အထိ ကလေးတွေကို ထိုးပေးနေတာပါ” ဟု ၎င်းက ဆိုသည်။
ထိုးပေးသည့် ကာကွယ်ဆေးများမှာ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ဝက်သက်၊ ပါးချိတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ကာကွယ်ဆေးနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးတို့ ဖြစ်သည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် မွေးကင်းစကလေးငယ်များအတွက် ကာကွယ်ဆေးများကို အပတ်စဥ်အတိုင်း ထိုးပေးနိုင်ရန် လုပ်ဆောင်နေကြောင်းလည်း ဦးခိုင်သုခက သံလွင်ခက်သတင်းဌာနအား ပြောဆိုထားသည်။
ကလေးငယ်များ ယခုကဲ့သို့ ကာကွယ်ဆေး ထိုးပေးသည်နှင့် ပတ်သက်၍ မြေပုံမှ အသက် ၄၀ အရွယ် ကလေးမိခင်တစ်ဦးက “ကျမမှာဆို ကလေးက ၂ နှစ်ရှိနေပြီ။ ကာကွယ်ဆေးက အခုမှ စထိုးရတာပါ။ ကာကွယ်ဆေးဆိုတာမျိုးက အပြင်ကလည်း ဝယ်မရဘူးလေ” ဟုဆိုသည်။
ရခိုင်တွင် တိုက်ပွဲများ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ မြို့နယ်အများအပြားတွင် ဆေးရုံ၊ ဆေးခန်းများ ပိတ်လိုက်ရပြီး ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအပြင် တခြားနာတာရှည်ရောဂါ ခံစားနေရသူများမှာလည်း ဆေးဝါးပြတ်လပ်မူများအား ဆက်တိုက် ကြုံနေရဆဲ ဖြစ်သည်။ မွေးကင်းစ ကလေးများဆိုလျှင် ကာကွယ်ဆေးမထိုးရသည်မှာ နှစ်နှစ်တာ ကြာမြင့်ပြီဖြစ်ပြီး လက်ရှိအချိန်မှ ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးရခြင်းလည်း ဖြစ်သည်။
#AAထိန်းချုပ်ထားသည့်မြို့နယ်များ #ကလေးငယ် #ပထမဆုံးအကြိမ် #ကာကွယ်ဆေးထိုး #ThanLwinKhetNews
									 
					