![]()
မြန်မာနိုင်ငံရှိ နာမည်အကျော်ကြားဆုံး အင်တာနက်လိမ်လည်မှု အချက်အချာနေရာတစ်ခုဖြစ်သည့် KK Park ကို မကြာသေးမီက စစ်တပ် ဝင်ရောက်စီးနင်းခဲ့မှုကြောင့် ထွက်ပြေးလာသော အလုပ်သမားများသည် အနီးအနားရှိ အခြားလိမ်လည်မှုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် အလုအယက် ကြိုးပမ်းခဲ့ကြရာ လိမ်လည်သူများကို အပြိုင်အဆိုင် ခေါ်ယူမှုများ မြင့်တက်လာခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြသည်။
အရှေ့တောင်အာရှတစ်ဝှမ်းတွင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများ ပိုတိုးလာပြီး သားကောင်များကို ပစ်မှတ်ထားကာ အသေးစိတ် ကြံစည်ထားသည့် အချစ်ရေးနှင့် ခရစ်ပတို လိမ်လည်မှုများဖြင့် နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာကို လိမ်လည်ရယူနေကြသည်။
သုံးသပ်သူများက အလုပ်သမားအများအပြားသည် အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းများသို့ လူကုန်ကူးခံခဲ့ရခြင်း ဖြစ်သော်လည်း အချို့မှာမူ မက်လောက်စရာ လစာများ ရရှိရန် မိမိဆန္ဒအလျောက် သွားရောက်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
အောက်တိုဘာလနှောင်းပိုင်း ဝင်ရောက်စီးနင်းမှုများက မြန်မာနိုင်ငံရှိ လိမ်လည်မှုလုပ်ငန်း KK Park ကို လှုပ်ခတ်စေခဲ့ပြီး လူပေါင်း ၁,၅၀၀ ကျော် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ သို့သော် လူအများမှာမူ အခြားကျားဖြန့်မှောင်ခိုဈေးကွက် အခွင့်အလမ်းသစ်များ ရှာဖွေရန် ကျန်ရစ်ခဲ့ကြသည်။
KK Park မှ ထွက်ခွာလာသူ ရာဂဏန်းအနည်းငယ်သည် အောက်တိုဘာလ ၂၃ ရက်က ၎င်း၏ လုပ်ငန်းဝင်းမှ ၃ ကီလိုမီတာအကွာသို့ ရောက်ရှိလာခဲ့ကြပြီး လစဉ် လစာ အမေရိကန်ဒေါ်လာ ၁,၄၀၀ အထိ ရရှိမည်ဆိုသော မက်လုံးကြောင့် ဆွဲဆောင်ခံခဲ့ရခြင်း ဖြစ်ကြောင်း မိမိသဘောဆန္ဒအလျောက် လိမ်လည်မှုလုပ်ငန်းခွင်ဝင်သူ တရုတ်နိုင်ငံသားတစ်ဦးက AFP သို့ ပြောသည်။
လုံခြုံရေးအရ အမည်မဖော်လိုသော ထိုသူက သူသည် ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံတွင် ရှိနေကြောင်း ပြသသည့် တည်နေရာပြ မြေပုံကို messaging app မှတစ်ဆင့် AFP သို့ မျှဝေခဲ့သည်။
“တချို့လူတွေကို မသမာတဲ့ သူဌေးတွေက ခေါ်သွားလိမ့်မယ်၊ တချို့ကိုတော့ ကုမ္ပဏီကောင်းတွေက ခေါ်သွားလိမ့်မယ်” ဟု ၎င်းက ပြောသည်။ “ဒါတွေအားလုံးက ကံတရားအပေါ်မှာပဲ မူတည်တယ်။”
KK Park မှ လိမ်လည်သူ အများအပြားသည် အခြားဂိုဏ်းများ၏ “ပြန်လည်ခေါ်ယူခြင်း” ကို ခံခဲ့ရခြင်းသာ ဖြစ်ကြောင်း နိုင်ငံဖြတ်ကျော် ဖွဲ့စည်းမှုပုံစံဖြင့် ကျူးလွန်သော ရာဇဝတ်မှုများ တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုအဖွဲ့ (Global Initiative against Transnational Organized Crime) မှ အကြီးတန်းကျွမ်းကျင်သူ ဂျေဆင် တာဝါ က AFP သို့ ပြောသည်။
“လိမ်လည်မှုလုပ်ဖို့ နေရာသစ်ရှာနေတဲ့ လူတချို့ ရှိနေတယ်” ဟု ၎င်းက ဆိုသည်။ “သူတို့က ဒါကို အလုပ်တစ်ခုအနေနဲ့ ရှုမြင်ကြတယ်။”

“ကျွန်တော်တို့ လွတ်မြောက်ဖို့ အခွင့်အရေး”
အမည်မသိ ခရစ်ပတို ငွေပေးချေမှု ကွန်ရက်များနှင့် အရှက်ရသော သားကောင်များ၏ သတင်းမတိုင်ကြားမှုများကြောင့် လိမ်လည်မှုစင်တာများကြောင့် ဆုံးရှုံးမှုကို အရေအတွက် အတိအကျ သတ်မှတ်ရန် ခက်ခဲနေသည်။
သို့သော် အရှေ့တောင်အာရှနှင့် အရှေ့အာရှရှိ သားကောင်များထံမှပင် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံအထိ လိမ်လည်ခံခဲ့ရကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားပြီး ကမ္ဘာလုံးဆိုင်ရာ ဆုံးရှုံးမှုများမှာ ယခုထက် ပိုမိုများပြားဖွယ်ရှိသည်ဟု ဆိုသည်။
စစ်ဒဏ်သင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်မှု လျော့ရဲသော နယ်စပ်ဒေသများသည် အဆိုပါ လိမ်လည်မှုဂိုဏ်းများအတွက် အထူးသဖြင့် ရှင်သန်ကြီးထွားရာ နေရာများ ဖြစ်နေသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး အကျပ်အတည်း ရင်ဆိုင်နေရသော စစ်ကော်မရှင်သည် ၎င်း၏ တိုင်းရင်းသားမဟာမိတ်များကို ကြွယ်ဝစေသည့် လိမ်လည်မှုစင်တာများကို မျက်ကွယ်ပြုထားသည်ဟု စွပ်စွဲခံနေရသည်။
သို့သော်လည်း ၎င်း၏ နိုင်ငံတကာ ကျောထောက်နောက်ခံပေးသူ တရုတ်နိုင်ငံထံမှလည်း ကျားဖြန့်လုပ်ငန်းကို ထိန်းချုပ်ရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံသည် အဆိုပါ လိမ်လည်မှုဂိုဏ်းများက ၎င်း၏ နိုင်ငံသားများကို ပစ်မှတ်ထားခြင်းအပြင် ခေါ်ယူစုဆောင်းခြင်းများ ပြုလုပ်မှုအပေါ် အမျက်ထွက်လျက်ရှိသည်။
ပြီးခဲ့သည့်လက စစ်ကော်မရှင်တပ်များ KK Park ရှိ အဆောက်အအုံ ၂၀၀ ခန့်ကို သိမ်းပိုက်ခဲ့ပြီး လိမ်လည်သူ ၂,၀၀၀ ကျော်ကို တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
သုံးသပ်သူများက အဆိုပါ ဝင်ရောက်စီးနင်းမှုသည် အမြတ်အစွန်းများကို အလွန်အမင်း မထိခိုက်စေဘဲ အရေးယူဆောင်ရွက်ရန် ဖိအားများကို လျှော့ချရန် ဒီဇိုင်းထုတ်ထားသည့်၊ ကန့်သတ်မှုများရှိပြီး အသေအချာ စီစဉ်ညွှန်ကြားထားသော လုပ်ဇာတ်ပြကွက်တစ်ခု ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။
သို့သော် အဆိုပါဖြစ်ရပ်ကြောင့် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ လူပေါင်း ၁,၅၀၀ သည် ထိုင်းနိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ခွာလာခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။ ၎င်းတို့ထဲတွင် အိန္ဒိယနိုင်ငံသား ၅၀၀ နီးပါးခန့်နှင့် ဖိလစ်ပိုင်နိုင်ငံသား ၂၀၀ ခန့် ပါဝင်သည်။
အာဏာပိုင်များသည် လူကုန်ကူးခံရသူများနှင့် မိမိဆန္ဒအလျောက် လိမ်လည်သူများကို ခွဲခြားသိရှိနိုင်ရန် ခက်ခဲသော တာဝန်နှင့် ရင်ဆိုင်နေရသည်။
အမည်မဖော်လိုသော ဖိလစ်ပိုင်အမျိုးသားတစ်ဦးက အောက်တိုဘာလ ၂၂ ရက်တွင် နှိမ်နင်းမှုအား ကူညီရန် စစ်ကော်မရှင်တပ်သားများ ရောက်ရှိလာချိန်တွင် ၎င်း၏ နိုင်ငံသားတူ ၃၀ ခန့်နှင့်အတူ KK Park မှ ထွက်ပြေးခဲ့ရပုံကို AFP သို့ ပြောပြသည်။
“လူတိုင်း အပြင်ကို ထွက်ပြေးကြတယ်” ဟု ၎င်းက ပြောသည်။ “ဒါဟာ ကျွန်တော်တို့ လွတ်မြောက်ဖို့ အခွင့်အရေးပဲ။”
ရနိုင်သမျှ ပစ္စည်းအနည်းငယ်ကို ဆုပ်ကိုင်လျက် ၎င်း လူကုန်ကူးခံခဲ့ရသည်ဟု ဆိုသော ဝင်းအတွင်းမှ ထွက်ပြေးခဲ့ပြီး ထိုင်းနိုင်ငံအနောက်ပိုင်းသို့ လှေဖြင့် ဖြတ်ကူးခဲ့သည်။

လိမ်လည်မှုအတွက် ရောင်းစားခံရခြင်း
KK Park တွင် လူပေါင်း ၂၀,၀၀၀ ခန့် အလုပ်လုပ်ကိုင်နေခဲ့ပြီး အများစုမှာ တရုတ်နိုင်ငံသားများဟု ယူဆရကြောင်း ကျွမ်းကျင်သူတစ်ဦးက ခန့်မှန်းထားရာ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူများသည် ၁၀ ရာခိုင်နှုန်းအောက်သာ ရှိဖွယ်ရှိသည်။
သို့သော် ကျန်ရစ်ခဲ့သူများမှာ မိမိသဘောဆန္ဒအလျောက် ပါဝင်သူများချည်း မဟုတ်ပေ။
KK Park မှ အစုလိုက် ထွက်ခွာမှုအပြီးတွင် အနီးအနားရှိ လုပ်ငန်းဝင်းမှ တရုတ်လိမ်လည်သူက AFP သို့ ပြောကြားရာ၌ ဒေသခံ လက်နက်ကိုင်အဖွဲ့များသည် အလုပ်လက်မဲ့ လိမ်လည်သူများကို အမေရိကန်ဒေါ်လာ ၇၀,၀၀၀ အထိ ဈေးဖြင့် အခြားလုပ်ငန်းများသို့ ရောင်းချ၍ အလျင်အမြန် ငွေရှာရန် ကြိုးပမ်းကြသည်။
၎င်းတို့သည် အလုပ်ခေါ်ယူခံရသည့် ဆန္ဒရှိ အလုပ်သမားများလား သို့မဟုတ် လူကုန်ကူးခံရသူများလား ဆိုသည်မှာ မသိရပေ။
AFP နှင့် ပြောဆိုခဲ့သော လိမ်လည်သူက ဝင်ရောက်စီးနင်းမှုများအပြီး “ညတိုင်း ပေါက်ကွဲသံများ ကြားနေရသည်” ဟု ပြောဆိုခဲ့သော်လည်း ၎င်းက စစ်အာဏာပိုင်များ၏ အဓိပ္ပာယ်ရှိသော နှိမ်နင်းမှုတစ်ခုထက် ဟန်ပြသက်သက်ဟု ဆိုခဲ့သည်။
ဆန္ဒရှိ၍ဖြစ်စေ၊ အတင်းအကျပ်စေခိုင်း၍ဖြစ်စေ လိမ်လည်မှု အလုပ်သမားများ စဉ်ဆက်မပြတ် စီးဝင်နေမှုနှင့်အတူ အဆိုပါပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ ယင်းလုပ်ငန်းများကို နောက်ကွယ်မှ လုပ်ကိုင်နေသည့် တရုတ်သူဌေးကြီးများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေများက ပြောသည်။
“သူတို့ကို ဖမ်းဆီးရမယ်၊ တရားစွဲရမယ်၊ ပြီးတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းရမယ်” ဟု လူကုန်ကူးခံရသူများ အကူအညီပေးရေး အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက် (Civil Society Network for Human Trafficking Victims Assistance) မှ ဂျေး ခရီတီယာ က AFP သို့ ပြောသည်။
“ဒါမှသာ အစစ်အမှန် နှိမ်နင်းမှု ဖြစ်လိမ့်မယ်။”
(Source: AFP/rl)
#KKParkစီးနင်းမှု #ကျားဖြန့် #မြဝတီ #ThanLwinKhetNews

