မြဝတီမြို့ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်
****************************
နန်းဆုပန်ခန့်
မတ် ၁၁၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်အပါအဝင် အနီးဝန်းကျင်ကျေးရွာများကို စစ်ကောင်စီက နေ့စဉ်ရက် ဆက် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။
သင်္ဃန်းညီနောင်အပါအဝင် ရွှေမြစန္ဒီ နှင့် အတွင်းမဲကနယ်စသည့် ကျေးရွာများကို ယနေ့ နံနက် ၁၂ နာရီကျော်က စ၍ ၁ နာရီကျော်အထိ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ သည်ဟု ဒေသခံအမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ ဟုတ်တယ်။ မနေ့က အတွင်းမဲကနယ်ကိုလာကြဲသွားတာ။ နေအိမ် ထိခိုက်ပျက်ဆီးတာ ရှိ၊ မရှိကိုတော့ မသိရသေးဘူး၊ ” ဟု ဆိုသည်။
မဲကနယ်ဒေသခံများသည် လက်ခတ်တောင်တိုက်ပွဲဖြစ်ပွားစဉ်အချိန်ကစပြီး မြဝတီမြို့ပေါ်နှင့် နီးစပ်ရာစစ်ရှောင် စခန်းများသို့ ထွက်ပြေးခိုလှုံနေကြရသည်။
အတွင်းမဲကနယ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သော လက်ခတ်တောင်နှင့် မနီးမဝေးတွင်တည်ရှိသည်။
သင်္ဃန်းညီနောင်ကျေးရွာရှိ စစ်ကောင်စီ ခမရ – ၃၅၅ တပ်ရင်းကို KNLA ပူးပေါင်းတပ်က မတ်လ ၇ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၈ ရက် မနက်ပိုင်း၌ သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် မတ်လ ၉ ရက် နံနက်အစောပိုင်းတွင် သင်္ဃန်းညီနောင်ရဲစခန်းအား ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ခမရ – ၃၅၆ ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ယနေ့အထိ စစ်ကောင်စီသည် သင်္ဃန်းညီနောင်အပါအဝင် အနီးဝန်းကျင် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုအကြိမ် ၃၀ ကျော်ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ ဝင်များထံက သိရသည်။
စစ်ကောင်စီတပ်သည် ကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ခမရ – ၃၅၅ နှင့် ရဲစခန်း ပြန်လည်ရရှိ ရန်အပြင် ခမရ – ၃၅၆၊ ၃၅၇ တပ်ရင်းများ လက်မလွတ်ရရေးအတွက် လေကြောင်းတိုက်ခိုက်မှုများနှင့် လူအင်အားဖြည့်တင်မှုများ လုပ်ဆောင်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ပြောသည်။
မတ်လ ၈ ရက်နှင့် ၇ ရက်များတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် သင်္ဃန်းညီနောင်၊ ရွာသစ်ရွာရှိ နေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး သဘာ၀တရားရိပ်သာ ဘိုးဘွားဂေဟာက အဘိုး ၂ ဦးသေဆုံးခဲ့သည့် အပြင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသစ်၊ ညီနောင်၊ ဖားချောင်း၊ မဲ့ကနယ်ကွက်သစ်၊ ဝှေ့ရှမ်း စသည့်ကျေးရွာများအပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံ ၃,၀၀၀ ဝန်းကျင်သည် မြဝတီမြို့ပေါ်နှင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဓါတ်ပုံ – CJ
ပုံစာ – ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း မဲကနယ်ဒေသကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြင်ကွင်း။ ပုံ – အဟောင်း
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3697
YouTube – > https://youtu.be/TceG2kpe7LU?si=jsftY9fPngXvXmQ5
Website – > https://thanlwinkhet.net/?p=8240