စစ်ဘေးရှောင်များကို အိန္ဒိယအစိုးရ စတင်နှင်ထုတ်
*********************
သံလွင်ခက်
မတ် ၁၁၊ ၂၀၂၄။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အိန္ဒိယနိုင်ငံတွင် ခိုလှုံနေကြသည့် စစ်ရှောင်မြန်မာဒုက္ခသည်များအား ပြီးခဲ့သည့်သောကြာနေ့ မတ်လ ၈ တွင် ပထမအသုတ်အဖြစ် အိန္ဒိယအစိုးရက စတင်နှင်ထုတ်လိုက်သည်ဟု ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
မြန်မာနှင့်အိန္ဒိယကြား ဗီဇာကင်းလွတ်ခွင့်မူဝါဒအား အဆုံးသတ်မည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွေအတွင်းကပဲ ပြောကြားခဲ့ပြီးနောက် ယခုလို မြန်မာစစ်ရှောင်ဒုက္ခသည်များကို ပြန်လည်နှင်ထုတ်နေခြင်းဖြစ်ပြီး မကြာခင် ရက်ပိုင်းတွေအတွင်း နောက်ထပ်စစ်ရှောင်ဒုက္ခသည်များကို ထပ်မံနှင်ထုတ်ရန်လည်း အိန္ဒိယကစီစဥ်နေသည်။
မြန်မာနိုင်ငံက အရပ်သားထောင်ချီနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီတို့သည် လူမျိုးရေးအဓိကရုဏ်းများဖြစ်ပွားနေသည့် အိန္ဒိယနိုင်ငံ၏ပြည်နယ်များဆီ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် နှစ်နိုင်ငံလူမျိုးစုများကြား လူမျိုးရေးတင်း မာမှုများပြန့်ပွားလာမည့်အန္တရာယ်ကို နယူးဒေလီအစိုးရက စိုးရိမ်လျက်ရှိသည်။
“အိန္ဒိယနိုင်ငံထဲ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားပထမအသုတ်ကို ဒီကနေ့ပဲ ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်”ဟု မြန်မာနိုင်ငံနှင့်နယ်စပ်ဖြစ်သည့် မဏိပူရ်ပြည်နယ် အရှေ့မြောက်ပိုင်းဝန်ကြီးချုပ် အန်န် ဘီရမ် ဆင်း (N. Biren Singh) က အွန်လိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် X (ယခင် တွစ်တာ) တွင်ရေးသားထားသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်ကစပြီး အနည်းဆုံး မြန်မာဒုက္ခသည် ၇၇ ဦးကို နေရပ်ပြန်ပို့ရန်စီစဥ်နေကြောင်း မဏိပူရ်ပြည်နယ်အစိုးရမှတ်တမ်းများကိုကိုးကားပြီး ရိုက်တာကဖော်ပြသည်။
မဏိပူရ်ပြည်နယ်၌ ယမန်နှစ်မေလတွင် လူမျိုးရေးအဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ လူပေါင်း ၂၀၀ နီးပါးသေဆုံးခဲ့သလို ကြိုကြားကြိုကြား တွင်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားလေ့ရှိသည်။
ပထမဆုံးအသုတ်အဖြစ် နှင်ထုတ်ခံလိုက်ရသော မြန်မာဒုက္ခသည်များသည် အိန္ဒိယနယ်စပ် မိုရေးမြို့သို့ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်စနေနေ့က မြန်မာနိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့ဖွယ်ရှိသည်ဟု အမည်မဖော်လိုသော အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအရာရှိ ၁ ဦးကပြောသည်။
မဏိပူရ်ပြည်နယ် အရှေ့မြောက်ပိုင်းဝန်ကြီးချုပ် အန်န် ဘီရမ် ဆင်း ကလည်း မြန်မာအမျိုးသမီးဒုက္ခသည်အချို့ကို လုံခြုံရေးကားပေါ်မှခေါ်ထုတ်ကာ လေဆိပ်သို့ခေါ်ဆောင်သွားသည့် ဗီဒီယိုကလစ်ကို X ပေါ်တွင် မျှဝေခဲ့သေး သည်။
ယခုကဲ့သို့ မြန်မာဒုက္ခသည်များနှင့် အိန္ဒိယနိုင်ငံတွင်ခိုလှုံခွင့်တောင်းခံထားသူများအား မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်နေသည့်အပေါ်စိုးရိမ်မိသည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားသည်။
မြန်မာစစ်တပ်၏ ညှဥ်းပန်းနှိပ်စက်မှုများကြောင့် ထွက်ပြေးလာကြသူအားလုံးကို အိန္ဒိယနိုင်ငံက ခိုလှုံခွင့်ပေးရန်နှင့် အကာအကွယ်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့အစည်းများကိုတောင်းဆိုသည်ဟု အမေရိကန်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Ref: Reuter
ဓာတ်ပုံ – ရိုက်တာ
ပုံစာ – မဏိပူရ်ပြည်နယ်သို့ထွက်ပြေးလာသော မြန်မာဒုက္ခသည်များ။ (ပုံဟောင်း)
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3696
YouTube – > https://youtu.be/TceG2kpe7LU?si=jsftY9fPngXvXmQ5
Website – > https://thanlwinkhet.net/?p=8237