![]()
သံလွင်ခက်/ဧပြီ ၈။
မြန်မာနိုင်ငံအမျိုးသမီးသမဂ္ဂ (BWU) ၏ မတ်လအတွင်း ကောက်ယူရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်စစ်ဆင်ရေးများကြောင့် တစ်လအတွင်း အမျိုးသမီး ၈၈ ဦး သေဆုံးခဲ့ပြီး ၅၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်,။
သေဆုံးခဲ့ရသည့် အမျိုးသမီး ၈၈ ဦးအနက် ၅၇ ဦး (၆၅ ရာခိုင်နှုန်းခန့်) မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်း မြန်မာနိုင်ငံတဝန်း အမျိုးသမီးသေဆုံးမှုများ မြင့်တက်ခဲ့ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် သေဆုံးသူ ၃၇ ဦးဖြင့် နိုင်ငံတဝန်း အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဒုတိယအများဆုံးအဖြစ် ပဲခူးတိုင်းဒေသကြီးတွင် အမျိုးသမီး ၂၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းအတွင်း ဖြစ်ပွားခဲ့သည့် သေဆုံးမှုများအနက် ညောင်လေးပင်မြို့နယ်တွင် မတ်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်တစ်ခုတည်းတွင်ပင် အမျိုးသမီး ၁၇ ဦးအထိ သေဆုံးခဲ့ရပြီး၊ ယင်းဖြစ်စဉ်မှာ မတ်လအတွင်း အမျိုးသမီးများ အစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရသည့် အကြီးမားဆုံး ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။

ထို့ပြင် တရားလက်လွတ် သတ်ဖြတ်ခြင်းခံရသူ ၂၁ ဦး၊ မီးရှို့သတ်ဖြတ်ခံရသူ ၄ ဦး၊ လက်နက်ကြီးကျည် ထိမှန်သူ ၃ ဦးရှိသည့်အပြင်၊ ပဋိပက္ခနှင့်ဆက်နွှယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဆေးဝါးကုသမှု အလှမ်းဝေးမှုနှင့် မြေမြှုပ်မိုင်းကြောင့် တစ်ဦးစီ သေဆုံးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီး ၅၄ ဦးတွင်လည်း ၄၈ ဦးမှာ လေကြောင်းဗုံးကြဲမှုကြောင့်ပင် ဖြစ်သည်။
သေဆုံးသူများထဲတွင် ထိခိုက်လွယ်အုပ်စုများဖြစ်သော အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၂၀ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ဦးအထိ ပါဝင်နေသည်။
ဤအချက်သည် စစ်ကောင်စီ၏ တိုက်ခိုက်မှုများသည် အရပ်သားများကို ပစ်မှတ်ထားနေခြင်းကို ပြသနေသည်ဟု BWU က ထောက်ပြသည်။
ဒေသအလိုက် အမျိုးသမီးသေဆုံးမှု စာရင်းတွင် စစ်ကိုင်းတိုင်းသည် ၃၇ ဦးဖြင့် အမြင့်ဆုံးဖြစ်ပြီး ပဲခူးတိုင်းမှာ ၂၈ ဦးဖြင့် ဒုတိယအများဆုံး ဖြစ်သည်။
အခြားဒေသများအနေဖြင့် မကွေး၊ မန္တလေးနှင့် ကရင်ပြည်နယ်တို့တွင် ၅ ဦးစီ၊ ကရင်နီပြည်နယ်တွင် ၄ ဦး၊ တနင်္သာရီတိုင်းတွင် ၂ ဦးနှင့် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် ၁ ဦးစီ အသီးသီး သေဆုံးခဲ့ကြောင်း BWU ၏ အချက်အလက်များအရ သိရသည်။
ယခုဖော်ပြပါ ကိန်းဂဏန်းများသည် ခိုင်လုံသော သတင်းရင်းမြစ်များမှ ကောက်ယူထားခြင်းဖြစ်သော်လည်း မြေပြင်အခြေအနေတွင် သတင်းအချက်အလက်ရယူရန် အခက်အခဲများစွာ ရှိနေသောကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း BWU က သတိပေးထားသည်။
#မတ်လအတွင်း #စစ်ကောင်စီ၏အကြမ်းဖက်မှု #အမျိုးသမီးများ #ထိခိုက်သေဆုံး #ThanLwinKhetNews
