ကရင်နီပြည်တွင် ၁ လ အတွင်း ပြည်သူ ၂၅ ဦးသေဆုံးခဲ့
*************************************
သံလွင်ခက်
မတ် ၁၁၊ ၂၀၂၄။
ကရင်နီပြည်တွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး၊ လေကြောင်းနှင့် ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၅ ဦး သေဆုံးခဲ့ပြီး ၄၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် – KNDF က မတ် ၁၀ ရက်တွင် ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၅ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကလေးငယ်များပညာသင်ကြားနေသော ဒီးမော့ဆို မြို့နယ် ၊ ဒေါစီအိစာသင်ကျောင်းနှင့် လွိုင်နန်းဖကျေးရွာစာသင်ကျောင်းများအား တိုက်လေယာဉ် ၅ စင်းဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၄ဦး ၊ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၃၅ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ ဖေဖော်ဝါရီလ ၅ရက်၊ နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က ရှားတောမြို့နယ်အတွင်း ရဟတ်ယာဉ် ၃ စင်းဖြင့် စစ်ကူပို့ခဲ့သောစစ်ကြောင်းသည် ဒေသခံစစ်ဘေးရှောင်လူထုများအား လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး လမ်းတွင် ညှင်းပန်းနှိပ်စက်ကာသတ်ဖြတ်ခဲ့သောကြောင့် ကိုယ်ဝန်ဆောင်နှင့် မသန်စွမ်း အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦး၊ ကလေးသူငယ် ၃ ဦး စုစုပေါင်း ၇ဦးသေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၃ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူများအားပစ်မှတ်ထားကာ တာဝေးပစ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖယ်ခုံမြို့နယ်၊ ရွှေစမ်း ကျေးရွာတွင် ဒေသခံအရပ်သားကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ရပြီး အမျိုးသား ၁ ဦးနှင့် အမျိူးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။
ထို့အတူ ဒီးမော့ဆိုမြို့နယ်အတွင်း နန်းဟူသွေကျေးရွာရှိနေအိမ်အား သန့်ရှင်းရေးပြန်လုပ်သည့် ဒေသခံအမျိုးသား ၁ ဦးသည် စစ်ကောင်စီတပ်ဖွဲ့များထောင်ထားခဲ့သော မြေမြှုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁ လတာအတွင်း ကရင်နီပြည်တွင် လွိုင်ကော်၊ ရှားတော ၊ ဘောလခဲ မြို့နယ်များနှင့် ဖယ်ခုံ မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။
လွိုင်ကော်မြို့ပေါ်တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက မြို့အားဝန်းရံပိတ်ဆို့ကာ စစ်ဆင်ရေးများဆက်၍ ဆင်နွှဲနေပြီး စစ်ကောင်စီတပ်ဖွဲ့များသည် မြို့ပေါ်အခြေစိုက်တပ်များ၌သာ ဆက်၍တပ်စွဲထားနိုင်တော့သည်။
စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ကို လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းဖြင့်ဗုံးကြဲ ခြင်း ၊ ကင်းထောက်လေယာဉ်များ ၊ ဒရုန်းများဖြင့် ရပ်ကွက်များအတွင်းသို့ မီးလောင်ဗုံးများကြဲချခြင်းများကို နေ့ စဉ်နီးပါး ပြုလုပ်နေသည့်အတွက် နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့ရသည်။
ပုံစာ – လွိုင်ကော်မြို့ရပ်ကွက်များအတွင်းရှိ နေအိမ်အချို့အား စစ်ကောင်စီတပ်က မီးလောင်ဗုံးများ ကြဲချမီးရှို့နေသည့် မြင်ကွင်း။
Photo – KNDF
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3695
YouTube – > https://youtu.be/TceG2kpe7LU?si=jsftY9fPngXvXmQ5
Website – > https://thanlwinkhet.net/?p=8228