မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းများ စားသောက်ရေးခက်ခဲလာ
*******************************
သံလွင်ခက်
မတ် ၇၊ ၂၀၂၄။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကို ရောက်လာသည့် မြန်မာရွှေ့ပြောင်းများသည် လမ်းခရီးတလျှောက် ငွေကုန်ကြေးကျများခဲ့ခြင်း၊ မဲဆောက်၌ နေထိုင်စရိတ်ကြီးမားခြင်းနှင့် အလုပ်မရှိခြင်းတို့ကြောင့် စားသောက်ရေးအတွက် အခက်အခဲကြုံနေရသည်ဟု သိရသည်။
ရန်ကုန်မြို့ လှိုင်သာယာအထည်ချုပ်စက်ရုံတစ်ခု၌ အလုပ်လုပ်ခဲ့သော စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှ အသက် ၂၈ နှစ်အရွယ် မအဲမိုးသည် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်း၌ စက်ရုံအပြီး ပိတ်သွားသောကြောင့် အလုပ်သစ်ထပ်ရှာခဲ့ရာ မရသည့်အဆုံး ထိုင်းနိုင်ငံ မဲဆောက်သို့ ထွက်လာခဲ့သည်။
စစ်ကောင်စီတပ်စစ်ကြောင်းထိုး မီးရှို့မှုကြောင့် နေအိမ်မီးလောင်ပျက်စီးသွားပြီး မိဘများလည်း မီးဘေးသင့်စစ်ရှောင်နေကြရသည့် အခြေအနေကြောင့် မဲဆောက်၌ အလုပ်ရရှိရန် မျှော်လင့်ချက်ဖြင့် လာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း၌ မဲဆောက်ကို ရောက်လာသည့် မအဲမိုးသည် ၅/ မှတ်ပုံတင်ကိုင်ထားသူဖြစ်၍ လမ်းခရီး၌ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် သူများထက် ပိုက်ဆံပိုပေးခဲ့ရသည်။ ထို့ကြောင့်လက်ရှိနေထိုင်ရာ မဲဆောက်မြို့ပြင် မယ်ကုကို ရောက်သည်အထိ ခရီးစရိတ် ကျပ် ၃ သိန်းနီးပါး ကုန်ကျခဲ့သည်။
“ပိုက်ဆံက ၅ သိန်လောက်ပဲ ပါခဲ့တာ။ ဒီဘက်ရောက်တော့ သိပ်မကျန်တော့ဘူး ။ အဆောင်က တစ်ဝက်ပဲ ပေးနေရတယ်။ ကျန်တာကို နောက်အလုပ်ရမှပေးပေါ့။ အိမ်က ယူလာတဲ့ အခြောက်အခြမ်းလေးတွေနဲ့ စားနေတာ လကုန်ထဲက ပြတ်သွားပြီ။ အလုပ်ကလည်း ၄ ၊ ၅ ခု လိုက်မေးထားတာ ပြန်ပြောမယ်ပြောပြီး အခုထိ မဆက်သွယ်လာသေးဘူး” ဟု မအဲမိုးက ပြောသည် ။
မအဲမိုးနည်းတူ ရန်ကုန်မြို့ လှိိုင်သာယာမှ မဲဆောက်ရောက်လာသည့် ရခိုင်ပြည်နယ်မှ အသက် ၂၅ နှစ်အရွယ် မချောစုခင်သည်လည်း လမ်းခရီး၌ ငွေကြေးများစွာကုန်ကျမှုများခဲ့ပြီး လက်ရှိအချိန်အထိလည်း အလုပ်မရသေးသောကြောင့် စားသောက်ရေးအတွက် အခက်ကြုံနေရသည်ဟု ဆိုသည်။
မချောစုခင်သည် ရခိုင်ပြည်၊ မြေပုံမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး တိုက်ပွဲများကြောင့် မြေပုံမှ ကျောက်ဖြူ၊ ကျောက်ဖြူမှ ရန်ကုန်သို့ အဆင့်ဆင့် စစ်ရှောင်ခဲ့ရသူဖြစ်သည်။
ရန်ကုန်မြို့ လှိုင်သာယာသို့ ရောက်ပြီး ရက်ပိုင်းအတွင်းမှာပင် စစ်မှုထမ်းဥပဒေ ကြေညာခဲ့သည်နှင့် ကြုံရပြီးနောက် အဆောင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးခြင်းနှင့် ရခိုင်ပြည်သူ တချို့ကို ဖမ်းဆီးသည့်သတင်းများကြောင့် မဲဆောက်သို့ ထွက်လာခဲ့ခြင်းဖြစ်သည်ဟု မချောစုခင်က ပြောသည်။
မြဝတီ-မဲဆောက် အမှတ် ၁ နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးတံတားအပါအဝင် တရားမဝင်လမ်းကြောင်းများစွာမှ ဝင်ထွက်သွားလာ၍ ရနေသည့် အခြေအနေကြောင့် မဲဆောက်ဘက်ခြမ်းသို့ မြန်မာရွှေ့ပြောင်းများသည်
နေ့စဥ် ရာချီဝင်ရောက်နေသည်ဟု မြန်မာရွှေ့ပြောင်းအရေးကူညီပေးနေသူများနှင့် ကားသမားများထံမှ သိရသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခဲ့သည့် ပြီးခဲ့သော ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းမှစ၍ မဲဆောက်သို့ မြန်မာရွှေ့ပြောင်းများ ဝင်ရောက်လာမှု များလာခြင်းဖြစ်သည်။ မြဝတီ-ကော့ကရိတ် ထို့ကောကိုးလမ်း အတက်နေ့များတွင်ပင် တံတားပေါ်၌ ဝင်ရောက်လာသူ ထောင်ဂဏန်းအထိ ရှိနေသည်ဟု ကားသမားတစ်ဦးက ပြောသည်။
မြန်မာများ နေ့စဥ်ဝင်ရောက်မှုများနေသည့် အခြေအနေများကြောင့် မဲဆောက်တွင် အိမ်ငှားခများမှာလည်း နှစ်ဆနီးပါး တက်သွားသည့်အပြင် နေအိမ်ရှာရသည်မှာ အလွန်ခက်ခဲနေသည်။ ငွေကြေးမတတ်နိုင်သည့် မြန်မာ ရွှေ့ပြောင်းများသည် မဲဆောက်မြို့ပြင် ကျေးရွာများ၊ စိုက်ခင်းတဲများတွင်ပင် နေထိုင်ကြရသည်ဟု အဝေးရောက်ဧရာဝတီအသင်း (OIA) တာဝန်ရှိသူ ကိုဖိုးသင်္ကြန်က ပြောသည်။
OIA သည် ကိုဗစ်ကပ်ရောဂါကာလမှ လက်ရှိ စစ်အာဏာသိမ်းကာလအထိ အခက်အခဲဖြစ်နေသော စစ်ရှောင်များနှင့် မြန်မာရွှေ့ပြောင်းများကို စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ တပိုင်တနိုင် ကူညီပေးနေသောအဖွဲ့ဖြစ်သည်။
“မဲဆောက်မြို့ပတ်ဝန်းကျင်ရွာတွေက များသောအားဖြင့် တောင်ကုန်လေးတွေ များတယ်။ တောင်ယာတဲတွေမှာ ရေဆိုရင် အဝေးကြီး သွားခပ်ရတယ်။ ပြောင်းလာတဲ့ သူအများစုက ကိုယ်လွတ်လာကြတာဖြစ်တယ်။ ပစ္စည်းပစ္စယတွေ သယ်လာနိုင်တာ မရှိဘူးပေါ့နော်။ အိုး၊ ခွက်၊ ပန်းကန်၊ စောင်၊ ခေါင်းအုံးကအစ ရေပုံးရေခွက်တွေအထိ လိုအပ်ကြတယ်။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် ရှာဖွေပေးနေတာတော့ ရှိတယ်” ဟု ကိုဖိုးသင်္ကြန်က ပြောသည်။
မဲဆောက်မြို့ပြင် မယ်ကုရှိ အဆောင်များအပါအဝင် မိသားစု ၄၃ စုကို ကူညီပေးနေသည့် အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ဌေးကလည်း အလုပ်များ လိုက်ရှာပေးနေသော်လည်း သင်္ကြန်အပြီးမှ အလုပ်အများစုက အလုပ်ပေးမည့် အခြေအနေရှိသည်ဟု ဆိုသည်။
ထို့ကြောင့် လက်ရှိအဆောင်များ၌ နေနေရသည့် မြန်မာရွှေ့ပြောင်းများသည် စားသောက်ရေးအတွက် နေ့စဥ် အခက်အခဲများနှင့် ကြုံနေရသည်ဟု သိရသည်။
“အဓိက လိုအပ်တာက စားရေးသောက်ရေးပဲပေါ့နော်။ ဆန်တို့၊ ဆီတို့ကတော့ အဓိက လိုအပ်တာပေါ့။ ဘာလို့လဲဆို သူတို့ ပါသမျှဟာလေးက လမ်းစရိတ်နဲ့ လမ်းမှာ မသထာရေစာ ပေးခဲ့ရတာနဲ့ ကုန်နေပြီလေ။ ဒီမှာ ကလေးတွေ မနက်မိုးလင်းရင် သခွတ်ပွင့်တွေ ထွက်ကောက် အဲဒါတွေကို ငါးပိရည်နဲ့ တို့စားနေကြရတယ်” ဟု ဒေါ်ဌေးက ပြောသည်။
စားသောက်ရေးအတွက် အခက်အခဲကြုံနေရသည့် မြန်မာရွှေ့ပြောင်းများအနေဖြင့် OIA ကဲ့သို့ တပိုင်တနိုင် ကူညီပေးနေသည့် အဖွဲ့များထံ ဆက်သွယ်၍ အကူအညီတောင်းခံနေရသော်လည်း တချို့အဖွဲ့အစည်းများက မိသားစု ၁၀ စုစာလောက်သာ ပေးနိုင်သဖြင့် ပိုမိုခက်ခဲသည့် မိသားစုများကို ဦးစားပေးအဖြစ် ပေးအပ်နေရသည်ဟု ဒေါ်ဌေးက ဆိုသည်။
မဲဆောက်သို့ ရောက်လာသူများတွင် ကြုံရာကျပန်းအလုပ်များ ရှာဖွေနေကြသော်လည်း အလုပ်တစ်ခုရရန် အလွန်ခက်ခဲနေသည်ဟု ဖေဖော်ဝါရီလ ၁၁ ရက်တွင် မဲဆောက်သို့ ရောက်လာသည့် ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ကိုမျိုးမင်းက ပြောသည်။
ကိုမျိုးမင်းသည် လူလိုသည့် ပန်းရံအလုပ်ကို သွားလုပ်သော်လည်း ၂ ရက်သာ အလုပ်ဆင်းရပြီး နောက်ထပ်အလုပ်များလည်း ရှာဖွေနေရာ မရသေးဘူးဟု ဆိုသည်။
“ရှေ့ရေးကို ဘာမှ မတွေးနိုင်ဘူး။ လောလောဆယ် ကိုယ့်တစ်နေ့စာအတွက်ကိုပဲ စဥ်းစားရနေတယ်။ နောက်နေ့ နောက်နေ့တွေအတွက်ကိုက စဥ်းစားချိန်ကို မရသေးတဲ့ ပုံစံဖြစ်နေတယ်” ဟု ကိုမျိုးမင်းက ပြောသည်။
မဲဆောက်တွင် မြန်မာရွှေ့ပြောင်းများ အလုပ်အကိုင်ရရှိရန် အထောက်အထားကတ် မရှိခြင်းကလည်း အဓိကပြဿနာဖြစ်နေသည်။ အထောင်အထားကတ် မရှိသောကြောင့် အလုပ်များကို နေရာအနှံ့ လိုက်လံရှာဖွေရန် ခက်ခဲနေကြသည်။
အထောက်အထားမရှိသော်လည်း တချို့အလုပ်များက ခေါ်နေသော်လည်း နီးစပ်ရာကိုသာ လက်တို့ခေါ်ယူကြသည်က များနေသဖြင့် လူခံမရှိသူများနှင့် ယခုနောက်ပိုင်းမှ ရောက်ရှိလာသူများမှာ အလုပ်ရရှိရန် ပိုမိုခက်ခဲနေကြခြင်းဖြစ်သည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3653
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8161