မဲဆောက်လေထုညစ်ညမ်းမှုမြင့်တက်လာသောကြောင့် ကျန်းမာရေးသတိပြုရန်လိုအပ်
*************************
သံလွင်ခက်
မတ် ၇၊ ၂၀၂၄။
မဲဆောက်မြို့လေထုအတွင်း လေထု ၁ ကုဗမီတာလျှင် လေထုညစ်ညမ်းစေသောမိုက်ခရိုဂရမ် ၈၃ ဒဿမ ၄ μg/m3 (Micrograms per cubic meter) ပါဝင်နေပြီး ၎င်းပမာဏက သတိပြုနေထိုင်ရမည့်အတိုင်းအတာဖြစ် သည်ဟု မဲဆောက်ပြည်သူ့ဆေးရုံက ယနေ့နေ့လယ်ပိုင်းကထုတ်ပြန်ထားသည်။
ယမန်နေ့တွင်မူ မိုက်ခရိုဂရမ် ၇၆ ဒဿမ ၉ ရှိခဲ့ရာက ယနေ့နေ့လယ်ပိုင်းတိုင်းထွာချက်အရဆိုလျှင်တော့ ယမန်နေ့ က လေထုညစ်ညမ်းမှုမြင့်တက်သွားသည်ဟု သိရသည်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာနကလည်း ထိုင်းနိုင်ငံတွင် လေထုအရည်အသွေးကျဆင်းနေသောကြောင့် နာတာရှည် လည်ချောင်းနာရောဂါ၊ အဆုတ်ကင်ဆာ၊ ပန်းနာရင်ကြပ်၊ နှလုံးရောဂါ စသည့်ရောဂါများဖြစ်ပွားနိုင်ကြောင်း သတိ ပေးထားသည်။
ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုနှင့်ဆက်စပ်သည့် ကျန်းမာရေးပြဿနာကြောင့် လူပေါင်း ၁၀ သန်းနီးပါး ဆေးကုသမှုခံယူခဲ့ရသလို ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း လေထုညစ်ညမ်းမှုကြောင့် လူပေါင်း ၁ ဒဿမ ၆ သန်း ဆေးကုသမှုခံယူရန် လိုအပ်နေသည်ဟု သိရသည်။
Smartairfilters website ၏ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းဖော်ပြချက်အရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့များစာရင်းတွင် ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ နီပေါ စသည့် တောင်အာရှနိုင်ငံများရှိမြို့များ အများဆုံးပါဝင် နေပြီး အရှေ့တောင်အာရှနိုင်ငံများ၏ စုစုပေါင်းမြို့တော် ၂၉၆ မြို့တွင် ၈ မြို့သာ ကျန်းမာရေးနှင့် ညီညွတ်သော လေကိုရှုရှိုက်နေကြရသည်ဟု CNA သတင်းဌာနက ၂၀၂၂ ခုနှစ် တွင်ဖော်ပြခဲ့သည်။
ဓာတ်ပုံ – သံလွင်ခက်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3655
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8164