![]()
ခင်သရဖီဦး
ကျောက်ဖြူတွင် ထပ်မံ စစ်ရှောင်လာသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် အနွေးထည်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များနှင့် ကူညီနေသူများထံမှ သိရသည်။
စစ်ကော်မရှင်၏ ရေတပ် (နေဗီ) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ထွက်ပြေးလာရသည့်အတွက် လိုအပ်ချက်များ ရှိနေသည်ဟု အသက် ၂၀ အရွယ် စစ်ဘေးရှောင် ကူညီနေသူ အမျိုးသမီး တစ်ဦးက ဆိုသည်။
“အကုန်လုံးက အနွေးထည်တွေ မပါလာကြဘူး။ နောက်ပြီး မ တတ်နိုင်တဲ့ လူတွေ များတယ်။ ကူညီပေးတဲ့ လူတွေကလည်း နည်းတော့ အခက်အခဲတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
ကျောက်ဖြူတွင် စစ်ဘေးရှောင် ငါးထောင်ခန့်အထိ ရှိလာနေပြီး နောက်ထပ်လည်း ထပ်မံ တိုးလာနေသည်ဟု သိရသည်။
လက်ရှိတွင် စားနပ်ရိက္ခာ၊ ဆေးဝါးများအပြင် အနွေးထည်များ၊ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်များအတွက် အသုံးအဆောင် များလည်း လိုအပ်နေသည်ဟု သိရသည်။
အသက် ၃၅ နှစ်အရွယ် စစ်ဘေးရှောင်တစ်ဦးက ”အခုက စားနပ်ရိက္ခာတွေ အများကြီး အခက်အခဲ ဖြစ်နေပါတယ်။ နေထိုင်ရေးကတော့ မိုးမရွာတော့ အဆင်ပြေနေပေမယ့် တခြားထောက်ပံကြေး မရ၊ ဝင်ငွေ မရှိတော့ ပိုပြီး ခက်ခဲပါတယ်” ဟု ၎င်းက ဆိုသည်။
ကျောက်ဖြူတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများအား လေကြောင်းနှင့် ရေကြောင်းမှ ရမ်းသမ်းပစ်ခတ်မှုများ ရှိနေသည်။
ပုံစာ – ကျောက်ဖြူမှ စစ်ဘေးရှောင်များအား တွေ့ရစဥ်
Photo – ARE
#ကျောက်ဖြူ #စစ်ရှောင် #စားနပ်ရိက္ခာ #လိုအပ် #ThanLwinKhetNews
