လိုင်ဇာမြို့သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၃ ဦး သေဆုံး
**********************
ထွယ်
မတ် ၇၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဗန်းမော် – မြစ်ကြီးနား ကားလမ်းတစ်လျှောက်ရှိ တပ်စခန်းများကို တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီတပ်သည် ယနေ့နံနက် ၇ နာရီခန့်တွင် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးကို လိုင်ဇာမြို့အနီး နဖော့တပ်စခန်းကုန်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ လိုင်ဇာမြို့၊ ဝေကြိုင်ရပ်ကွက် (၁) စစ်ရှောင်စခန်းတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု လိုင်ဇာဒေသခံ အမျိုးသမီး ၁ ဦးက သံလွင်ခက်ကို ပြောသည်။
အဆိုပါ စစ်ရှောင်စခန်းမှ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးကာ မုန်လိုင်ခက်ကျေးရွာလမ်းတွင်လည်း ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသား ၁ ဦး သေဆုံးခဲ့သည်ဟု လိုင်ဇာ ဒေသခံ အမျိုးသား ၁ က ပြောသည်။
၎င်းက “တိုက်ပွဲစကတည်းက လက်နက်ကြီးပစ်နေတာ ဆက်တိုက်ပဲ၊ အခုလည်း ပစ်နေတာပါပဲ။ လေယာဉ်လည်း ရောက်တယ်” ဟုပြောသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့တပ်စခန်းများ တိုက်ခိုက်ခံရတိုင်း ယခုကဲ့သို့ လိုင်ဇာမြို့နှင့် မြို့အနီးသို့ လက်နက်ကြီးများနှင့် လေကြောင်းများဖြင့် ပစ်ခတ်လေ့ရှိသည်။
ကချင်ပြည်နယ်တွင် ယနေ့နံနက် ၆ နာရီခန့်မှစတင်ပြီး မြစ်ကြီးနား – ဗန်းမော် ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်တို့က တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကာ စစ်ကောင်စီ၏ တပ်စခန်းအချို့ကိုလည်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
လက်နက်ကြီးထိမှန်ခဲ့သည့်ရုပ်သံဖိုင်အား တယ်လီဂရမ်ချန်နယ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3652
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8158