![]()
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အရှေ့ခြမ်း သစ်ချိုပင်ရွာကို စစ်ကော်မရှင်တပ်က ဒီဇင်ဘာ ၅ ရက် နံနက်အစောတွင် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား သုံးဦးသေဆုံးခဲ့ရသည်ဟု ဝက်လက်သတင်းကွန်ရက်က ဖော်ပြသည်။
ဒီဇင်ဘာလ ၅ ရက် နံနက် ၁:၁၉ နာရီခန့်တွင် တံတားဦး လေတပ်မှ လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် အရပ်သားနေအိမ်များအပေါ် ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုကြောင့် မိသားစုဝင်များဖြစ်သည့် အသက် ၇ နှစ်အရွယ် သားငယ်၊ အသက် ၃၅ နှစ်အရွယ် ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ပြီး အခြား နှစ်ဦးလည်း ဒဏ်ရာရှိခဲ့သည်ဟု ဖော်ပြထားသည်။
သစ်ချိုပင်ရွာတဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကော်မရှင်က အကြောင်းမဲ့သက်သက် လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။
ဒီဇင်ဘာ ၂ ရက် နံနက်အစောပိုင်းမှာလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်းက နတ်မှော်ဦးရွာကို စစ်တပ်က အလားတူ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ငါးဦး သေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သေးသည်။
