ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံရ
*****************************
နန်းဆုပန်ခန့်
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသား ၂၃ ဦးကိုဖမ်းဆီးခဲ့သည်ဟု တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၂၆ ရက်အတွင်း တာ့ခ်ခရိုင်အတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၂၃ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများသည် အသက် ၁၉ နှစ်ကနေ ၃၅ နှစ်အရွယ်ဝန်းကျင်များဖြစ်သည်ဟု တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
၄ ဦးသာ အသက် ၃၈ နှစ်ကနေ ၅၀ ကြားအရွယ်များ ဖြစ်ကြသည်။
ယခု ဖေဖော်ဝါရီလ ၁၀ ရက်ကစပြီး မြန်မာနိုင်ငံတွင် ပြည်သူ့စစ်ဥပဒေပြဋ္ဌာန်းပြီးနောက် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားများဖမ်းဆီးခံရခြင်းဖြစ်သည်။
တာ့ခ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးတားဆီးနှိမ်နှင်းမှု အရာ ရှိများသည် စစ်ဆေးရေးဂိတ်၌ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များက ဆိုသည်။
ဖမ်းဆီးခဲ့သည့် တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသားများကိုလည်း တရားဥပဒေအရ အရေးယူရန်လုပ်ဆောင်နေသည်ဟု သိရသည်။
ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာသူများသည် လဝကဥပဒေအရ ၄၅ ရက်ကနေ ရက် ၉၀ အထိ ထောင်ဒဏ်ကျခံရနိုင်ပြီး လူအစုလိုက်ဖမ်းဆီးမိလျှင် လူကုန်ကူးမှုဖြင့် ၄ လကနေ ၁ နှစ်အထိ ထောင်ဒဏ်ကျခံရနိုင်သည်ဟု ထိုင်းအလုပ်သမားအရေးလှုပ်ရှားသူများကပြော သည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားများ နည်းမျိုးစုံဖြင့်ဝင်ရောက်မှုများပြားလာပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးတွင်လည်းဗီဇာလျှောက်ထားသူ ၇,၀၀၀ ခန့်ရှိသည်ဟု Bangkok Post က ဖေဖော်ဝါရီလ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။
၂၀၂၁ – ၂၀၂၃ အတွင်း ထိုင်းနိုင်ငံကိုဝင်ရောက်လာသည့်မြန်မာနိုင်ငံသားဦးရေက ၁ နှစ်ကို အနည်းဆုံး ၁၀,၀၀၀ကျော်ရှိသည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ် ရှားမှုကော်မတီ – JACBA) ဥက္ကဋ္ဌ နှင့် ထိုင်းလူ့အခွင့်အရေးဖွံဖြိုးတိုးတက်မှုဖောင်ဒေးရှင်း – HRDF အလုပ်အမှု ဆောင် ဦးမိုးကြိုးက သံလွင်ခက်ကိုပြောသည်။
၎င်းက “ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ထိုင်းမီဒီယာတွေဖော်ပြချက်အရတော့ ၁ နှစ်ကို ၁,၀၀၀၀ကျော်ပဲ။ အလုပ် သမားရယ် တိမ်းရှောင်လာတဲ့သူရယ် မခွဲထားဘူး။၂၀၂၃ ခုနှစ်သုံးသပ်ချက်အရတော့ ၆၀,၀၀၀ လောက်တော့ရှိတယ်” ဟု ဆိုသည်။
ထိုင်းဝန်ကြီးချုပ်ကလည်း ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသူများအား အရေးယူမည်ဖြစ်သည်ဟု ထုတ် ဖော်ပြောဆိုထားသည့်အပြင် မြဝတီ – မဲဆောက် ချစ် ကြည်ရေးတံတားကတဆင့် ဝင်ရောက်သူများကိုလည်း စစ်ဆေးမှုများပိုမိုတင်းကြပ်လျက်ရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်တွင်လည်း မဲဆောက်မြို့နယ်အပါအဝင် တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် ၉ မြို့ နယ်က ဟိုတယ်၊ မိုတယ်၊ အိမ်ပိုင်ရှင်များအနေဖြင့် ၁ ရက်ထက်ပိုပြီး တည်းခိုပါက ဧည့်စာရင်းတိုင်ကြားရန် ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်အဖွဲ့က အမိန့်ထုတ်ပြန် ကြေငြာခဲ့သည်။
ဓါတ်ပုံ – တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံး
ပုံစာ- ဖမ်းဆီးခံရသူများအား ထိုင်းအာဏာပိုင်များ စစ်ဆေးမေးမြန်းနေသည့်မြင်ကွင်း။