ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို အလုပ်လုပ်ခွင့်ပေးဖို့ ထိုင်း အတိုက်အခံအမတ်တောင်းဆို
*********************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄။
စစ်ကောင်စီကပြဋ္ဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးလာသော မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့်ပေးဖို့ ထိုင်းအတိုက်အခံလွှတ်တော်အမတ် ၁ ဦးက ထိုင်းအစိုးရကို တောင်းဆိုလိုက်သည်။
နှစ်ဖက်သဘောတူစာချုပ်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားများပို့ဆောင်နေခြင်းကို စစ်ကောင်စီက ယာယီရပ်ဆိုင်း လိုက်သည်ဟု FAIR ပါတီကိုယ်စားပြု လွှတ်တော်အမတ် ၁ ဦးဖြစ်သူ ကန်နာဗီဆူယက်ဘ်ဆန် က ပြောသည်။
တဆက်တည်းမှာပင် ၎င်းက ယခင်ကဆိုလျှင် အိမ်နီးချင်းမြန်မာနိုင်ငံက အလုပ်သမား ၇၀၀ – ၈၀၀ သည် နေ့စဉ်နေ့တိုင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာလေ့ရှိသည်ဟု ပြောသည်။
” အလုပ်သမားတွေပို့ဆောင်နေတာကို ဆိုင်းငံ့လိုက်တာက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ သက်ဆိုင်မှုရှိ၊ မရှိ ဆိုတာကိုတော့ ကျွန်တော် သေချာမသိသေးဘူး။ ဒါပေမယ့် ထိုင်းအစိုးရက မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံဆီအတင်းအကြပ်ပြန်ပို့မယ်ဆိုရင်တော့ ဒါက အဓိကစိုးရိမ်စရာဖြစ်လာပါလိမ့်မယ် ” ဟု ကန်နာဗီ က ပြောသည်။
” မြန်မာနိုင်ငံသားအများအပြား ထိုင်းနိုင်ငံကို ထွက်ပြေးနေကြရတယ်။ သူတို့ဟာ တရားမဝင် ခိုးဝင်နေတယ် ဆိုတာထက် တကယ်တော့ သူတို့က သေဘေးကလွတ်မြောက်ဖို့ ထွက်ပြေးနေရတာ။ စစ်မှုထမ်းခိုင်းလို့ ထွက်ပြေး နေကြရတာ ” ဟု ၎င်းကဆိုသည်။
ဖြစ်ပေါ်နေသည့်ပြဿနာရပ်များကိုဖြေရှင်းနိုင်ရန် ထိုင်းအစိုးရအနေဖြင့် လာမည့် ၆ လအတွင်း အရေးပေါ် အခြေအနေတစ်ရပ် ရေးဆွဲဖို့လိုအပ်ကြောင်း သူကမှတ်ချက်ပြုသည်။
နှစ်နိုင်ငံနားလည်မှုစာချွန်လွှာအရ အလုပ်သမားတင်ပို့မှုရပ်ဆိုင်းထားချိန်တွင် စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကိုထွက်ပြေးလာကြသည့် တရားမဝင်ဝင်ရောက်လာသူများအား အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးမည်ဆိုပါ က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရ အကျိုးရှိသလို လုပ်သားပြတ်လပ်မှုပြဿနာကိုလည်း ဖြေရှင်းနိုင်လိမ့်မည်ဟု ကန်နာဗီက အကြံပြုပြောကြားခဲ့သည်။
စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသားအများအပြား ထိုင်းနိုင်ငံတွင်း နေ့စဉ်ဝင်ရောက်လျက်ရှိသည်ဟု လုံခြုံရေး သတင်းရင်းမြစ်များကပြောသည်။
မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်ဝင်ရောက်လာကြသူများကို ဥပဒေကြောင်းအရ အရေးယူသွားမည်ဟု ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝီဆင် က ပြီးခဲ့သည့်ရက်ပိုင်းတွင်ပြောကြားခဲ့ပြီးနောက် FAIR ပါတီကိုယ်စားပြုလွှတ်တော်အမတ်က ယခုလိုပဲပြောကြားခဲ့ခြင်းဖြစ်သည်။
Ref: Bangkok Post
ဓာတ်ပုံ – X
ပုံစာ – Move Forward ပါတီခေါင်းဆောင် ဖိထာ လင်မ်ဂျာရွန်ရတ် နှင့် FAIR ပါတီကိုယ်စားပြု လွှတ်တော်အမတ် ကန်နာဗီ ဆူယက်ဘ်ဆန် တို့အား ၂၀၂၃ ခုနှစ်ကတွေ့ရစဉ်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3464
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7835