AA ထိန်းချုပ်ရာနေရာများတွင်ခိုလှုံရန် တိုက်တွန်းထားသော်လည်း ရခိုင်ပြည်သူများ နေရပ်ပြန်ရန်အခက်အခဲရှိ
**************************************
ယမင်းဖူးပွင့်အောင်
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄။
စစ်ကောင်စီကထိန်းချုပ်ထားသည့်နေရာများအစား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် – ULA/AA ထိန်းချုပ်ရာနေရာများ၊ မြို့များသို့ပြောင်းရွှေ့နေထိုင်ကြရန် AA က တိုက်တွန်းထားသော်လည်း ပြည်မရောက် ရခိုင်လူမျိုးများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်ရန် အခက်အခဲများရှိနေသည်ဟု ရခိုင်ပြည်သူများထံက သိရသည်။
ရခိုင်မှတ်ပုံတင် ၁၁/ ကိုင်ဆောင်ထားသူများအနေဖြင့် လေကြောင်းကဖြစ်စေ၊ ကုန်းကြောင်းရေကြောင်းကဖြစ်စေ သွားလာရန် အခက်အခဲများဖြစ်ပေါ်နေသည်ဟု ရန်ကုန်မြို့သို့ စစ်ရှောင်လာသည့် ရခိုင်လူငယ် ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ရခိုင်ကို ပြန်ဖို့တော့မဖြစ်နိုင်သေးပါဘူး။ လေယာဉ်စီးဖို့ ပိတ်ပင်တာတွေ ကားလမ်းတွေဖြတ်တောက်ထားတာတွေလည်း ရှိနေတယ်။ တခြားလမ်းကြောင်း ရေကြောင်းကနေ သွားဖို့ဆိုတာ လည်း လောလောဆယ်မဖြစ်နိုင်သေးဘူးလို့ ထင်တယ်” ဟုဆိုသည်။
စစ်ကောင်စီထိန်းချုပ်ရာဒေသများရှိ ရခိုင်လူမျိုးများအား အဓိကဦးတည်ပစ်မှတ်ထားကာ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စစ်သားစုဆောင်းခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများအပြင် အခြားသော စစ်ရာဇဝတ်မှုများကိုလည်း စစ်ကောင်စီက ကျူးလွန်နေသည်ဟု AA က ထုတ်ပြန်ထားသည်။
ထို့ကြောင့် လက်ရှိ ရခိုင်ဒေသနှင့် မြန်မာနိုင်ငံ၏စစ်ရေးအခြေအနေများအရ ရက္ခိုင့်တပ်တော် – AA က ထိုးစစ် ဆင်တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားသောနယ်မြေများသည် ရခိုင်ပြည်သူတစ်ရပ်လုံးအပါအဝင် ပြည်သူလူထုအားလုံးအတွက် အလုံခြုံဆုံးသောနေရာများဖြစ်သည့်အတွက် AA ထိန်းချုပ်ရာနေရာများသို့ ပြောင်း ရွှေ့နေထိုင်ကြရန် ရက္ခိုင့်တပ်တော် – AA က တိုက်တွန်းပြောဆိုထားခြင်းဖြစ်သည်။
ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ထားပါက လေဆိပ်တွင် မှတ်ပုံတင်သိမ်းခြင်း၊ ဖမ်းဆီးခြင်းများ ဆောင်ရွက်နေသည် ဟု လည်း ရခိုင်အမျိုးသား ၁ ဦးက ဆိုသည်။
“ AA ကလည်း လေကြောင်းလိုင်းတွေကို ထိန်းချုပ်နိုင်သေးတာမှမဟုတ်တာ။ လိုင်းပေါ်တွေမှာ ရခိုင်မုန်းတီးရေး စာတွေတင်နေတာတွေ့တယ်။ နားမလည်တဲ့သူတွေလောက်ပဲလုပ်ကြတာပါ။ အရင်ကလည်းလုပ်နေကျပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အခုထက်ထိတော့ မြို့ပေါ်မှာ စိုးရိမ်စရာမရှိသေးပါဘူး” ဟုဆိုသည်။
ရက္ခိုင့်တပ်တော် – AA က ယခုလိုထုတ်ပြန်ခြင်းသည် ကောင်းမွန်သော်လည်း ရခိုင်ဒေသတွင် စစ်တပ်၏ ပစ်ခတ် မှုကြောင့် မြို့ရွာပျက်စီးမှုများစွာရှိနေသည့်အတွက် နေရပ်ပြန်ရန်လည်း စိုးရိမ်နေသည်ဟု ဒေသခံများက ဆိုကြ သည်။
ရန်ကုန်၊ မန္တလေးနှင့် စစ်ကောင်စီထိန်းချုပ်ရာမြို့ကြီးများတွင် လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရခိုင်မုန်းတီးရေးဝါဒဖြန့် စာရွက်များကပ်ထားသလို စစ်ကောင်စီကလည်း ရခိုင်လူမျိုးများကို အကြောင်းပြချက်မရှိ ဖမ်းဆီးမှုများရှိနေပြီး စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်များတွင်လည်း ရခိုင်စားသောက်ဆိုင်များကို သွားရောက်မစား သုံးရန် ရေးသားမှုများရှိနေသည်။
ပုံစာ – ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ဒေသခံများ။
ဓာတ်ပုံ – ခိုင်မင်းသျှင်
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3462
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7831