ပုလဲဗိုလ်နဂါးရွာအလှူပွဲ စစ်တပ်ဝင်ပစ်လို့ အလှူပွဲပျက်
****************************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၄ ။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကြောင်သန်းကျေးရွာ၌ ပြုလုပ်နေသည့် ရှင်ပြု၊နားသ အလှူပွဲကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်ပစ်ခဲ့သောကြောင့် အလှူပွဲပျက်ခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
အင်အား ၈၀ ကျော်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၇ နာရီနာရီခွဲကျော် အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍ အလှူရှိရာ ကြောင်သန်းရွာသို့ ဝင်ရောက်လာခဲ့သည်။
” အလှူကရွာလုံးကျွတ် ထမင်းကျွေးနေတဲ့ အချိန်မှာ ဝင်ရောက်လာတာဖြစ်တဲ့အတွက် ထမင်းစားနေရင်းနဲ့ ရုတ်ရုတ်သဲသဲ ပြေးကြရတာ။ အလှူကတော့ ထမင်းကျွေးပြီးမှ ၁၁ နာရီလောက်မှာ မောင်ရင်လောင်းတွေကို ဆံချ ပြုလုပ်တာဆိုတော့ သူတို့ရောက်လာတဲ့အချိန်က အလှူရှင်တွေရဲ့ အလှူပြီးမြောက်ကြောင်း ရေစက်ချတရားနားမပြုလုပ်ရသေးတဲ့ အချိန်ဆိုတော့ အလှူပွဲပျက်သွားတယ်ပေါ့နော် “ဟု ပုလဲမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ရှိသူ ကိုမောင်ကြီးက ပြောသည်။
စစ်ကြောင်းဝင်ရောက်စဥ် လက်နက်များဖြင့် ပစ်ခတ်ခြင်းများနှင့် ဆိုင်ကယ်များဖြင့် အားချင်ထွက်ပြေးကြရသည့်အခြေအနေများ၌ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပြေး၍မလွတ်သည့် ဒေသခံတချို့လည်း ဖမ်းဆီးခံရမှုများလည်း ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည် ။
အဆိုပါစစ်ကြောင်းမှာ ကြောင်သန်းရွာတွင် တစ်ညအိပ်ပြီး ယနေ့နံနက်ပိုင်း၌ ကုက္ကိုကုန်းရွာသို့ ပြန်ထွက်သွားခဲ့သော်လည်း စစ်ကြောင်းနှင့် နီးနေသေးသည့်အခြေအနေ၊ နောက်ချန်အင်အားများ ရှိနေနိုင်သေးသည့် အခြေအနေများကြောင့် ကာကွယ်ရေးတပ်များအနေဖြင့် ရှင်းလင်းရေးမပြုလုပ်နိုင်သေးကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်ကိုဇော်ထက်က နံနက် ၁၁ နာရီခွဲကျော်အချိန်တွင်ပြောသည်။
ထိုစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပုလဲမြို့ပေါ်မှနေ၍ စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး မြကုန်းကျေးရွာ အနောက်ဘက်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဗိုလ်နဂါး၏ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – (BNRA) က သတင်းထုတ်ပြန်ထားသည်။
ပုလဲမြို့မှ ထွက်လာသော တပ်မ၇၇၊ ခမရ၇၀၂/ခလရ၇၂၃ ပူးပေါင်းထားသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – (BNRA) တော်ဝင်နဂါးစစ်ကြောင်းတို့ ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ၂၂ ဦးခန့် သေဆုံးပြီး စုစုပေါင်း(၁၄)ဦးဒဏ်ရာရကာအထိနာသောကြောင့် နမခမှ Mi 35 ဖြင့်လာရောက်ပစ်ကူကယ်ထုတ်ပေးခဲ့သည်ဟု BNRAက ထုတ်ပြန်ထားသည်။
မြကုန်းရွာတိုက်ပွဲအပြီး၌ စစ်ကောင်စီတပ်စစ်ကြောင်းကအင်အားထပ်ဖြည့်ပြီး ကုက္ကိုကုန်း၊စေတီယျုံ၊ ကြောင်သန်းကျေးရွာသို့ စစ်ကြောင်း ဆက်လက်ထိုးခဲ့ရာ ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာရှောင်တိမ်းနေကြရသည်ဟု သိရသည်။
” ကြောင်သန်းရွာက ဗိုလ်နဂါးရဲ့ ရွာပဲ။သူ့ဇာတိပေါ့။ ဒါပေမယ့် နေတာက ဘယ်ရွာမှာနေလဲတော့ မသိဘူး “ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
လက်ရှိစစ်ကောင်စီတပ်စစ်ကြောင်းထိုးသည့် ကျေးရွာများသည် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – (BNRA) တပ်များ၊ Local PDF များ၊ ပြည်သူ့ကာကွယ်ရေးတပ်များ စသည်ဖြင့် တပ်ဖွဲ့အစုံ လှုပ်ရှားရာ နေရာများဖြစ်သော်လည်း စုစည်းမှုအားနည်းသည့်အတွက် စစ်ကြောင်းကို အကောင်းဆုံး ခုခံတားဆီးနိုင်ရန် အခက်အခဲများရှိနေသည်ဟု ပုလဲမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ရှိသူ ကိုမောင်ကြီးကပြောသည်။
ပုံစာ-စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးရှောင်တိမ်းနေရမှု ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3467
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7838