တူညီသော နိုင်ငံရေးသဘောတူညီချက်မရရှိမချင်း ချင်းအမျိုးသားနေ့၏ အနှစ်သာရကို အပြည့်အဝခံစားနိုင်မည်မဟုတ်ဟု ICNCC သတိပေး
******************************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၄ ။
ချင်းပြည်သစ်အတွက် တူညီသော ချင်းပြည်အနာဂတ်၊ တူညီသော နိုင်ငံရေးသဘောတူညီချက်မရရှိမချင်း ချင်းအမျိုးသားနေ့၏ အနှစ်သာရကို အပြည့်အဝခံစားနိုင်မည်မဟုတ်ဟု ကြားကာလ
ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCCက ယနေ့တွင် သတိပေးထုတ်ပြန်လိုက်သည်။
ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင်ကျရောက်သည့်
(၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့နှင့်ပတ်သက်၍ ICNCC၏ ထုတ်ပြန်ချက်တွင်
၁။ ချင်းအမျိုးသားနေ့ဆိုသည်မှာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုများ အပါအဝင်၊ မျိုးနွယ်စု အကြီးအကဲများ၏ နယ်မြေဒေသအလိုက် ပဒေသရာဇ်အုပ်ချုပ်မှုစနစ်အစား ဒီမိုကရေစီပြည်သူ့ အုပ်ချုပ်မှုစနစ်ဖြင့် အစားထိုးရန် ချင်းတမျိုးသားလုံးက မိမိတို့၏ ကိုယ်ပိုင်ပြဌာန်း ခွင့်ကို အပြည့်အဝ အသုံးပြု၍ ညီညွတ်စွာ ရွေးချယ်ဆုံးဖြတ်ခဲ့သည့် သမိုင်းဝင် ကြိုးပမ်းအားထုတ်ခဲ့မှု များကို ဖော်ညွှန်းသည့်နေ့ ဖြစ်သည်။
၂။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာကို ထပ်မံလုယူ လိုက်ချိန်တွင် ချင်းလူမျိုးများ သည် တူမီးကိုင်ဆောင်လျှက် အာဏာရှင်ကို ပြန်လည်တွန်းလှန်မှုတွင် ရှေ့ဆုံးမှ စံပြအဖြစ်ရှိပြီး ကြံ့ကြံ့ခံတော်လှန် တိုက်ပွဲဝင် ခဲ့ကြသည်။ ထိုကြောင့် ချင်းလူမျိုးများသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေးအတွက် မဲစနစ်ဖြင့်တညီတညွတ်တည်း ပါဝင်ခဲ့ဖူး သလို အခြေအနေအရ လက်နက်ကိုင်ပြီး တော်လှန်တိုက်ပွဲဝင်ရသည့် အချိန်လည်းရှိပါသည်။
၃။ နွေဦးတော်လှန်ရေး (၃) နှစ်တာ ကာလရောက်ရှိသည့်အခါ ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အသီးသီး၏ပေးဆပ် တိုက်ပွဲဝင်မှုကြောင့် စစ်အာဏာရှင်၏ စခန်းမြောက်များစွာ သိမ်းပိုက် ရရှိပြီး တော်လှန်ရေးအဖွဲ့များ၏ အုပ်ချုပ်မှုနယ်မြေများ ပို၍ကျယ်ပြန့်လာကြောင်းတွေ့ရှိရသည်။ မကြာမီ ချင်းပြည်တစ်ခုလုံးအာဏာရှင်စနစ်ပျက်သုန်းလျက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံ ချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ် အပြည့်အဝ ရှင်သန်လာနိုင်မည်ဖြစ်သည်။
၄။ ထိုရည်မှန်းချက် ပန်းတိုင်မရောက်မချင်း လမ်းကြောင်းသွေဖယ်မှုမရှိဘဲ ခိုင်မာသော ဆုံးဖြတ်ချက်နှင့်အတူ ဆက်လက်တိုက်ပွဲ ဝင်သွားကြရန်လိုအပ်ပေသည်။ ချင်းအမျိုးသားနေ့၏ အနှစ်သာရတစ်ခုဖြစ်သည့် နိုင်ငံရေးသဘောတူညီချက်ဖြစ်သော ဒီမိုကရေစီစနစ်ကို အတူတကွ တလုံးတဝတည်း ရွေးချယ်ဆုံးဖြတ်မှု (collective decision) အလွန်အရေးကြီးပေသည်။ ချင်းပြည်သစ်အတွက် တူညီသော ချင်းပြည်အနာဂတ်၊ တူညီသော နိုင်ငံရေးသဘောတူညီချက်မရရှိမချင်း ချင်းအမျိုးသားနေ့၏ အနှစ်သာရကို အပြည့်အဝခံစားနိုင်မည်မဟုတ်ပါ။
၅။ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီအနေဖြင့် ထိုပန်းတိုင်ရောက်ရှိ နိုင်အောင် ဆက် လက်ကြိုးပမ်းသွားမည်ဟု ကတိပြုပါသည်။ ချင်းလူမျိုးများအနေဖြင့် မိမိတို့ အချင်းချင်း အပြန်အလှန်လေး စားမှု၊ အပြန်အလှန်အသိအမှတ်ပြုမှုနှင့် အပြန်အလှန် လိုအပ်မှုတို့ကို ဗဟိုပြုကာ ချင်းတို့၏စည်းလုံး ညီညွတ်မှုကို ဆက်လက်တည်ဆောက်သွားကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်ဟု ဖော်ပြထားသည်။
လက်ရှိတော်လှန်ရေးကြိုးပမ်းမှု ကာလအတွင်း၌ ချင်းပြည်နယ်တွင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC နှင့် ချင်းလဲန်းကောင်စီဟူ၍ အစိုးရနှစ်ရပ်ပေါ်ပေါက်နေပြီး ချင်းပြည်သူအများစုက အဆိုပါကောင်စီနှစ်ရပ်အား စုစုစည်းစည်းဖြစ်ရန် မျှော်လင့်နေကြသည် ။
ပုံစာ-၇၆ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို အမေရိကန်နိုင်ငံ အင်ဒီယာနာပိုလစ်မြို့တွင် ကျင်းပခဲ့မှု ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3425
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7796