တရားမဝင်ဝင်ရောက်လာသောမြန်မာနိုင်ငံသားများကို ထိုင်းဝန်ကြီးချုပ်သတိပေး
***********************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄။
ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများကို တရားဥပဒေကြောင်းအရအရေးယူ သွားမည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆရက်သာ သာဝီဆင် က သတိပေးပြောကြားခဲ့သည်။
စစ်ကောင်စီက လာမည့်ဧပြီလကစ၍ အသက်ပြည့်မီသူတိုင်း မဖြစ်မနေစစ်မှုထမ်းရမည့် “ပြည်သူ့စစ်မှုထမ်းဥပ ဒေ” ပြဋ္ဌာန်းပြီးနောက် ထိုင်းနိုင်ငံသို့ ဗီဇာလျှောက်ထားသည့်အရေအတွက် များပြားလာသည်ဟု ၎င်းက မှတ်ချက် ပြုပြောကြားခဲ့သည်။
“ကျွန်တော်တို့နိုင်ငံကို တရားဝင်ဝင်ရောက်လာမယ့် ဘယ်သူ့ကိုမဆိုကြိုဆိုပါတယ်။ ဒါပေမယ့် တရားမဝင်တဲ့နည်း လမ်းတွေနဲ့ ခိုးကြောင်ခိုးဝှက်ဝင်လာခဲ့မယ်ဆိုရင်တော့ တရားဥပဒေအရ အရေးယူရလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက် ပြီး လုံခြုံရေးကိစ္စဆောင်ရွက်နေတဲ့အဖွဲ့တွေနဲ့လည်း ကျွန်တော်ဆွေးနွေးပြီးပါပြီ ” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။
အခြားတစ်ဖက်တွင်လည်း ဝန်ကြီးချုပ်က မြန်မာရွှေ့ပြောင်းအခြေချများသည် ပြည်တွင်းရှိအလုပ်အကိုင်အခွင့် အလမ်းများကို လုယူနေသည်ဟူသော ထိုင်းနိုင်ငံသားများ၏ စိုးရိမ်ပူပန်မှုများကိုလျှော့ချနိုင်ရန် ကြိုးပမ်းလျက်ရှိ နေပြီး မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံကိုထွက်ပြေးလာရသည့်အကြောင်းရင်းတစ်ခုမှာ စစ်မှုမထမ်းမနေရကြောင့် ဖြစ်သည်ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံ၏အလုပ်လက်မဲ့နှုန်းက လက်ရှိတွင် ၁ ရာခိုင်နှုန်းအောက်သာရှိနေပြီး ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်း နိုင်ငံများက အလုပ်သမားများစွာကို လိုအပ်နေသေးကြောင်းနှင့် နိုင်ငံတွင်းအလုပ်လုပ်ကိုင်သူများသည် သင့်တော် သည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ၏စစ်မှုထမ်းဥပဒေသည် နှစ်နိုင်ငံကြား နားလည်မှုစာချွန်မှုအရ ထိုင်းနိုင်ငံသို့ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအပေါ်ကိုပါ သက်ရောက်မည်ဖြစ်သောကြောင့် ထိုင်းနိုင်ငံရှိ အချို့သောလုပ်ငန်းများတွင် အလုပ်သမားပြတ်လပ်မှုများနှင့် ရင်ဆိုင်လာရနိုင်သည်ဟု Thammasat တက္ကသိုလ်၊ Pridi Banomyong Institute ၏ အမှုဆောင်ကော်မတီဥက္ကဋ္ဌ Anusorn Tamajia ကပြောသည်။
စစ်ကောင်စီကပြဋ္ဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေ၏အကျိုးဆက်အနေဖြင့် ထိုင်းနိုင်ငံတွင် တရားမဝင်ဝင်ရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသားအရေအတွက် တိုးလာနိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စစ်မှုထမ်းခြင်းကရှောင်ရှားနိုင်ရန် ထိုင်းနိုင်ငံကိုထွက်ပြေးဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်ရည်ရွယ်ပြီး ပြီးခဲ့သည့်ကြာသပတေးနေ့ကစတင်၍ ၁ ရက်လျှင်ဗီဇာလျှောက်လွှာ ၄၀၀ လက်ခံမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ၎င်း၏ facebook page တွင်ကြေညာထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် ခရီးသွားရန်အတွက်ဗီဇာမလိုဘဲ ထိုင်းနိုင်ငံကို ၁၄ ရက် အထိ ဝင်ရောက်နိုင်သည်ဟု သံရုံးကပြောသည်။
ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် မြန်မာနိုင်ငံသားအများအပြား ဗီဇာလျှောက်ထားရန်လာရောက်နေကြသည်ဟု မြန်မာ နိုင်ငံရှိသတင်းရင်းမြစ်များကပြောသည်။ အရေအတွက်အားဖြင့်လည်း ၁ ရက်လျှင် ၁,၀၀၀ ခန့်ရှိသည်ဟု သတင်း ရင်းမြစ်များက ဆိုသည်။
မြန်မာစစ်တပ်သည် လာမည့်ဧပြီလကစတင်၍စစ်မှုထမ်းဆောင်ရန် လူငယ်များကို မဖြစ်မနေခေါ်ယူရန်စီစဥ် နေပြီး အငြိမ်းစားစစ်မှုထမ်းဟောင်းများလည်း ပြန်လည်တာဝန်ထမ်းဆောင်ရန် လိုအပ်သည်ဟု စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောဆိုထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ရွေးကောက်ခံအရပ်သားအစိုးရထံကအာဏာကို မြန်မာစစ်တပ်ကလုယူခဲ့ပြီးနောက် ပိုင်း မြန်မာနိုင်ငံသည် ကမောက်ကမဖြစ်ရပ်များနှင့် ဆက်တိုက်ရင်ဆိုင်လာခဲ့ရသည်။
အသက် ၁၈ နှစ် ကနေ အသက် ၃၅ နှစ်ကြားအမျိုးသားများ၊ အသက် ၁၈ နှစ် ကနေ အသက် ၂၇ နှစ်ကြား အမျိုးသမီးများ ၂ နှစ် မဖြစ်မနေစစ်မှုထမ်းရမည့်ဥပဒေတစ်ရပ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ် ကောင်စီကပြဋ္ဌာန်းခဲ့ သည်။
မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေကို ၂၀၁၀ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့သော်လည်း ကျင့်သုံးခဲ့သည်မျိုးမရှိပေ။
Ref: Bangkok Post
ဓာတ်ပုံ – The Nation
ပုံစာ – ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် ဖုတ်ဖရမြို့အနီး၌ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများအားတွေ့ရစဥ်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3425
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7800