မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော်သိမ်းပိုက်
*****************************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်)ရှိ စစ်ကောင်စီတပ်စခန်းအား ရက္ခိုင့်တပ်တော် -AA ကသိမ်းပိုက်နိုင်ခဲ့သည်ဟု ယမန်နေ့ညတွင် ထုတ်ပြန်ထားသည်။
ယင်းစခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက် ၇ နာရီခန့်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၉ နာရီ အကြာထိုးစစ်မှုအပြီး ညနေ ၄ နာရီခွဲခန့်တွင် ၎င်းစခန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းက ဂျက်တိုက်လေယာဉ်ဖြင့် ၃ ကြိမ်တိုင် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ယင်းတပ်စခန်းအားသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်သေ ဆုံးပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ထို့အပြင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်းမြို့နယ်များတွင်လည်း စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများပြုလုပ်လျက်ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုနှင့် ကျေးရွာ၊ မြို့နယ် အတွင်းရှိ လူနေအိမ်များ လက်နက်ကြီးထိမှန်ကာ မီးလောင်ပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
ရက္ခိုင့်တပ်တော်က ရခိုင်ဒေသအတွင်း စစ်မျက်နှာဖွင့်၍ထိုးစစ်ဆင်ကာ စစ်ကောင်စီတပ်စခန်း၊ စခန်းကုန်း၊ ဗျူ ဟာကုန်းများအား တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး လက်နက်ချအညံ့ခံခြင်းမရှိသော စစ်ကောင်စီ၏စခန်းတိုင်းကို ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု ဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက် ၁ ရက်တည်းတွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြိုနယ်ရှိ “စီခမ်းကြီးစခန်း” ကိုလည်း ရက္ခိုင့်တပ်တော်နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့များက ၃ ရက်ကြာထိုးစစ်ဆင်ပြီးနောက် ဖေဖော်ဝါရီလ ၁၉ ရက်၊ ညနေ ၅ ခွဲခန့်တွင် သိမ်းပိုက ရရှိခဲ့သည်။
ဓာတ်ပုံ – AA Info Desk
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3419
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7792