( နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးနှင့် ဆက်သွယ်မေးမြန်းချက်)
ဘုန်းမောင်
ဖေဖော်ဝါရီ ၂၊ ၂၀၂၄။
– ရှမ်းပြည်နယ်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ လူမျိုးစုအခြေပြုတိုင်းရင်းသားလက်နက်ကိုင် ပေါင်းစုံနေထိုင်ရာဒေသတစ်ခုဖြစ်သဖြင့်အနာဂတ်တွင်ပေါ်ပေါက်လာမည့် ရှမ်းပြည်နယ်တွင်းက ပြည်နယ်သစ်များအလားအလာ၊EAOs တွေအချင်းချင်းကြား လူမျိုးရေးကိုအခြေခံသည့် နယ်မြေ အငြင်းပွားမှုနှင့်နယ်မြေချဲ့ထွင်မှုများ၊ ရှမ်းမြောက်ဒေသ၏ အာဏာချိန်ခွင်လျှာအပြောင်းအလဲ၊ ခေါင်းဆောင်မှု အပြောင်းအလဲ၊ ရှမ်းလက်နက်ကိုင်တပ်များ၏ တွေဝေမှု၊ နွေဦးတော်လှန်ရေးကနေကျားဖြန့် တော်လှန်ရေးဖြစ်သွားပြီလား. . . . .? စသည့်အကြောင်းအရာများကိုနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး အား သံလွင်ခက်သတင်းဌာနက
ဆက်သွယ်မေးမြန်းထားပါသည်။
မေး – ”၁၀၂၇ စစ်ဆင်ရေး ”က တိုင်းရင်းသားလက်နက်ကိုင်တွေအချင်းချင်းကြားသတိကြီးကြီးထား စောင့်ကြည့်နေဖို့ အချက်ပေးနေတဲ့ခေါင်းလောင်းသံလည်းဖြစ်တယ်ဆိုတဲ့သုံးသပ်ချက်တချို့ရှိနေပါတယ်။
သမိုင်းကြောင်းအရဆိုရင်လည်း EAOs တွေအချင်းချင်းကြား လူမျိုးရေးကိုအခြေခံတဲ့နယ်မြေအငြင်းပွားမှုတွေ၊ နယ်မြေချဲ့ထွင်မှုတွေကနေဖြစ်ပေါ်လာတဲ့ ပွတ်တိုက်မှုတွေ၊ EAOsတွေအချင်းချင်းကြား စစ်ဖြစ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေသဘောကျနိုင်မယ့် စစ်အောင်ပွဲတွေဖော်ဆောင်ပြီးအောင်လံ အရင်လွှင့်နိုင်တဲ့အဖွဲ့က တော်လှန်ရေးအကြောင်းပြချက်နဲ့ အငြင်းပွားစရာနယ်မြေတွေကိုသိမ်းပိုက်ခဲ့မယ်ဆို ရင် ကျန်တဲ့ EAOs တွေကကော ဘယ်လိုလက်ခံမလဲ။ ဘယ်လိုတုံ့ပြန်မယ်လို့ ယူဆမိလဲ။
ဖြေ – အဲ့ဒီ လူမျိုးရေးနဲ့ နယ်မြေကိစ္စဆိုင်ရာတွေက အရင်ကတည်းကရှိခဲ့တာဖြစ်ပြီးလက်ရှိမှာ လည်း အဲဒီလိုစိုးရိမ်မှုမျိုးက ရှိနေကြပါတယ်။ အရင်ကတည်းက နယ်မြေခွဲဝေမှု၊သဘာဝသယံဇာတခွဲဝေမှု၊ ကုန်စည်စီးဆင်းမှုလမ်းကြောင်းဆိုင်ရာ အငြင်းပွားမှုတွေကရှိခဲ့ပြီး
ပဋိပက္ခဖြစ်တာ အပြန်အလှန် တိုက်ခိုက် တာရှိနေခဲ့ပါတယ်။
အဲဒါကြောင့်လည်း အခုအချိန်မှာ လူမျိုးစုအခြေပြု အဖွဲ့အစည်းတွေအနေနဲ့ သတိကြီးကြီးထားပြီးစစ်ရေး၊ နိုင်ငံရေးကို စဉ်းစားနေကြရတဲ့သဘောရှိပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်တဲ့ SSPP ထုတ်ပြန်ချက်က အဲဒီသဘောမျိုးပေါ်အခြေခံတဲ့သဘောမျိုးသက်ရောက်နေတာလည်း တွေ့ရပါလိမ့်မယ်။
မေး – ရှမ်းပြည်မြောက်ပိုင်းက လက်နက်ကိုင်ပဋိပက္ခတွေကိုလေ့လာကြည့်ရင် အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ အကျိုးစီးပွားပြောင်းလဲချိန်တွေနဲ့ ဆက်စပ်နေလေ့ရှိတာကိုတွေ့ရပါတယ်။ ဥပမာ – ဗမာပြည်ကွန်မြူနစ်ပါတီကို ”ဝ”နဲ့ ကိုးကန့်တပ်ဖွဲ့တွေက ၁၉၈၈ – ၈၉ ခုနှစ်မှာ
ပုန်ကန်ခဲ့ပါတယ်။ အဲဒီကာလတွေကိုပြန်ကြည့်ရင် တိန့်ရှောင်ဖိန် ဦးဆောင်နေတဲ့တရုတ်နိုင်ငံက ဈေးကွက်စီးပွားရေးနဲ့ ကုန်သွယ်ရေးကိုစမ်းသပ်အောင်မြင်နေချိန်ဖြစ်လေတော့ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ခေါင်းဆောင်တွေအပေါ် တရုတ်နိုင်ငံက မျှော်လင့်ချက်မထား တော့ဘဲ ”ဝ”နဲ့ ကိုးကန့်တပ်ဖွဲ့တွေရဲ့ ပုန်ကန်မှုကိုအသိအမှတ်ပြုလိုက်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာစတင်ခဲ့တဲ့ ”၁၀၂၇ စစ်ဆင်ရေး”ကလည်း ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း လောင်းကစားကိစ္စတွေနဲ့ ဆက်စပ်နေတာတွေ့ရပါတယ်။
တစ်ဖက်ကိုကြည့်မယ်ဆိုရင်လည်း ”ဝ”ခေါင်းဆောင်တွေက တရုတ်နိုင်ငံရဲ့စကားနားထောင်လိုပုံမပေါ်ပါဘူး။ ဒါကြောင့်လည်း ”ဝ”ထိပ်ပိုင်းခေါင်းဆောင်တွေကို တရုတ်ဘက်ကဖမ်းဝရမ်းထုတ်တာမျိုးတွေ ရှိလာပါတယ်။
ကျားဖြန့်ကိစ္စက လတ်တလောပြဿနာဆိုပေမယ့် ရေရှည်ကိစ္စစဥ်းစားကြည့်မယ်ဆိုရင်ရှမ်း/မြောက်ဒေသမှာ တရုတ်က အာဏာချိန်ခွင်လျှာအပြောင်းအလဲ၊ခေါင်းဆောင်မှုအပြောင်းအလဲလုပ်တာလို့ သုံးသပ်လို့ရမလား? ရေရှည်ကိစ္စက ဘာဖြစ်နိုင်မလဲ? ကျားဖြန့်တော်လှန်ရေးဖြစ်သွားမလား?
ဖြေ – “ဝ” ခေါင်းဆောင်တချို့ကို ဖမ်းဝရမ်းထုတ်တာက “ဝ” ခေါင်းဆောင်တွေကို ဦးတည်ပစ်မှတ် ထားပြီး ချိန်ခွင်လျှာချိန်ညှိဖို့ ကြိုးစားတယ်လို့ပြောဖို့ စောဦးမယ်လို့ မြင်ပါတယ်။
လက်ရှိ ဖမ်းဝရမ်းထုတ်ခံထားရသူတွေကိုယ်တိုင်ရဲ့ ဒီကျားဖြန့်စီးပွားရေးနဲ့ တခြားနယ်စပ်ဖြတ်ကျော် လောင်းကစားနဲ့ ဒုစရိုက်မှုတွေမှာ တိုက်ရိုက် သို့မဟုတ် သွယ်ဝှိုက်ပါဝင်ပတ်သက်မှုရှိနေကြတဲ့ သဘောလည်း စွပ်စွဲ ထားတာတွေ့ရပါတယ်။
ဒီလောင်းကစားနဲ့ နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုတွေ ကျယ်ပြန့်လာပြီး အဲ့ဒါတွေရဲ့ အကျိုးသက်ရောက်မှုတွေ ကလည်း နိုင်ငံပေါင်းများစွာအပေါ်မှာ သက်ရောက်နေသလို နိုင်ငံတကာအနေနဲ့လည်း နှိမ်နင်းထိန်းချုပ်နိုင်ဖို့ လိုနေပြီဆိုတာကို သဘောတူလက်ခံထားကြပါတယ်။
တရုတ်ရဲ့ Belt & Road စီမံကိန်းအပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်တယ် ယူဆသလို အဲ့ဒီ (Tianxia – 天下) တရုတ်အိပ်မက်ကိုအကောင်အထည်ဖေါ်နိုင်ဖို့ကို တရုတ်အနေနဲ့ မမှိတ်မသုန်ကြိုးစားမယ်ဆိုတာကိုလည်း တရုပ်သမ္မတ Xi Jinping အနေနဲ့
တောက်လျှောက်ပြောဆိုထားတာတွေ့ရမှာပါ။
အဲ့ဒါကြောင့် ကျားဖြန့်တော်လှန်ရေး ဖြစ်သွားမလားဆိုတာကတရုတ်ရဲ့အိပ်မက်အကောင်အထည်ဖေါ်နိုင်ဖို့ လက်ရှိတော်လှန်ရေး အင်အားစုတွေကဘယ်လောက်ထိ အာမခံနိုင်မလဲ၊ ပူးပေါင်းနိုင်ကြမလဲ ဆိုတာအပေါ် မူတည်ပြီး တရုပ်အနေနဲ့စဉ်းစားမယ် ထင်ပါတယ်။
မေး – ရှမ်းမြေပေါ်မှာဖြစ်ပွားနေတဲ့ ”၁၀၂၇ စစ်ဆင်ရေး”ကို ဦးဆောင်နေတာက လူဦးရေ ၅သန်းရှိတဲ့ ရှမ်းလူမျိုးတွေကိုဦးဆောင်နေတဲ့ အင်အားကြီးရှမ်းတော်လှန်ရေးတပ်တွေမဟုတ်ပါဘူး။စစ်ပွဲကိုလက်ရှောင် နေခဲ့တဲ့ရလဒ်အတွက် ပြန်ပြီးရမယ့်ဆုလာဘ်ကရှမ်းနိုင်ငံရေးဘေးရောက်သွားမယ့်ကိစ္စပဲလို့ သုံးသပ်မှုတွေ လည်း ရှိလာပါတယ်။
ရှမ်းတော်လှန်ရေးခေါင်းဆောင်တွေ တစိုက်မတ်မတ်ကြွေးကြော်လာခဲ့တဲ့စစ်အာဏာရှင်စနစ်ပြုတ်ကျရေး အတွက်ဆို အခုအချိန်ကအခွင့်သာချိန်ပါပဲ။ဒီလိုအချိန်မျိုးမှာတောင် ရှမ်းလက်နက်ကိုင်အဖွဲ့တွေရဲ့ တွေဝေနေမှုကအံ့ဩစရာကောင်းနေပါတယ်။
ရှမ်းလက်နက်ကိုင်တပ်တွေရဲ့ တွေဝေနေမှုက ဘာကြောင့်ပါလဲ. . . .?
ဖြေ – ရှမ်းလက်နက်ကိုင်တွေအချင်းချင်းကြားမှာ လူမျိုး၊ နယ်မြေအရ ပဋိပက္ခတွေရှိနေပြီးအာဏာ ရရှိရေး၊ လွှမ်းမိုးခြယ်လှယ်နိုင်ရေးဆိုင်ရာ စဉ်းစားတွက်ချက်မှုတွေရှိနေတာကြောင့်လက်ရှိအချိန်မှာ တွေဝေနေတဲ့ သဘောမျိုးဖြစ်နေတယ်လို့ မြင်ပါတယ်၊
အဲ့ဒါကြောင့်လည်း အခု မြောက်ပိုင်းစစ်ရေးနဲ့အတူ ဒေသလွတ်မြောက်ရေးတွေတွင်ကျယ်လာချိန်မှာSSPP အနေနဲ့လည်း ပါဝင်ပတ်သက်ဖို့ ကြိုးစားပြီး သူတို့ရဲ့ရည်မှန်းချက်၊ နယ်မြေစိုးမိုးနိုင်ရေး၊အုပ်ချုပ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာကဏ္ဍတွေမှာ ပါဝင်ပတ်သက်နိုင်ရေး လှုပ်ရှားမှုအနေနဲ့ထုတ်ပြန်ချက် ထုတ်ပြန်လာတယ်လို့ မြင်နိုင်ပါတယ်။
အဲ့ဘက်ဒေသမှာက နဂိုကတည်းက နယ်မြေဆိုင်ရာဆုံးရှုံးထားရတာတွေ၊ ၂၀၀၅၊ ၂၀၀၉ ခုနှစ်အပစ်ရပ်စဲရေး နောက်ဆက်တွဲရှုပ်ထွေးမှုတွေ၊ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာသဘောထားကွဲလွဲမှုတွေကနေ နောက်ဆက်တွဲ ပြန်လည်ညှိနှုင်းမှုနဲ့ သဘောတူညီမှုတွေမရရှိတာကနေ လူမျိုးစု အစုအဖွဲ့ကြား သတိကြီးကြီးထား ချိန်ဆနေကြရတဲ့ သဘောသဘာဝဖြစ်သွားတယ် မြင်ပါတယ်။
အဲ့ဒီကြားမှာ နိုင်ငံရေးရပ်တည်ချက်ဆိုင်ရာ ဂုဏ်သိက္ခာ၊ စံနှုန်းထိန်းသိမ်းနိုင်ရေးနဲ့ ကိုယ့်အစုအဖွဲ့အာဏာ၊ ပါဝါ အသာစီးရ အနိုင်ရရှိရေးကြား ဗျာများနေကြရတဲ့ သဘောလည်း မြင်မယ်ဆိုမြင်လို့ရပါတယ်။
မေး – လူထုထောက်ခံမှုမရှိတဲ့တော်လှန်ရေးဆိုတာကလူတစ်စုရဲ့အိပ်မက်သာဖြစ်ပါလိမ့်မယ်။ ရှမ်း တော်လှန်ရေး သမိုင်းတလျှောက် လူမျိုးတူပေမယ့်စည်းလုံးညီညွတ်မှုရခဲ့တာမျိုးက မရှိသလောက်ဖြစ်ခဲ့ပြီး အကွဲအပြဲတွေနဲ့
အချင်းချင်းစစ်ခင်းခဲ့ရုံသာမက ကျန်တဲ့တိုင်းရင်းသားလူမျိုးစုတွေရဲ့ လက်နက်ကိုင်တပ်တွေ နဲ့ပါစစ်ခင်းနေခဲ့ကြပါတယ်။
ဘုံရန်သူချင်းတူပေမယ့် အချင်းချင်းမညီညွတ်တာက ဘာကြောင့်ပါလဲ? ဘာကြောင့်နိုင်ငံရေးအရကော၊ စစ်ရေးအရပါ အကွဲကွဲအပြားပြားတွေ ဖြစ်နေကြရတာပါလဲ?
ဖြေ – သမိုင်းအစဉ်အလာရ တစ်ကမ္ဘာလုံးမှာ အုပ်စုတွေကြား အပြန်အလှန်အသာစီးရရှိရေးကြိုးပမ်းလုပ်ဆောင်လာကြတဲ့ သဘောမျိုးကို မြန်မာနိုင်ငံတွင်းကအုပ်စုတွေကြားမှာလည်းတွေ့ရပါတယ်။
အဲဒီ အုပ်စုကြားပဋိပက္ခတွေက သမိုင်းအရ အချင်းချင်းကြားဖြစ်တည်မှု၊ ရင့်ကျက်မှုတွေနဲ့နားလည်မှု တည်ဆောက်နိုင်ခဲ့တာမျိုး မဖြစ်ခဲ့ဘဲ အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှာလူမျိုးရေးခွဲခြားမှုတွေနဲ့ (divide & rule) ခွဲခြားအုပ်ချုပ်တာတွေကြောင့် ပိုပြီး ဆိုးသွားတယ်လို့လည်းကိုလိုနီအကျိုးဆက် လေ့လာသုံးသပ်မှုတွေအရ မြင်ရပါတယ်။
အဲဒီ ခွဲခြားမှုတွေကို ပြန်လည်တည်ဆောက်နိုင်ဖို့ကိုလည်း လွတ်လပ်ရေးရပြီးချိန်ကတည်းကဆောင်ရွက်နိုင် တာမျိုး မရှိခဲ့သေးပါဘူး။ ပိုဆိုးတာက ၁၉၄၈ နောက်ပိုင်း ခေတ်အဆက်ဆက်အစိုးရတွေ (နောက်ဆုံး NLD အစိုးရ အပါအဝင်)အနေနဲ့ အဲဒီ ခွဲခြားခံရမှုတွေနဲ့
နောက်ဆက်တွဲနာကျည်းမှုတွေကို နားလည်အောင် ကြိုးစားတာမျိုးမရှိသလို အဲဒီသမိုင်းအတွေ့အကြုံဖြစ်တည်မှုတွေကြောင့် ထွက်ပေါ်လာကြတဲ့ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးဆိုင်ရာ စဉ်းစားတွေးခေါ်မှုတွေကိုလည်း နားမလည်ခဲ့သလို နှိမ်ချဆက်ဆံတာမျိုးတွေပါ
လုပ်ဆောင်ခဲ့ကြတာ တွေ့ရမှာပါ။
တဖက်မှာလည်း ခွဲခြားဆက်ဆံမှုတွေအရ တော်လှန်မှုတွေလုပ်ခဲ့ကြရပြီး ကြာရှည်တဲ့ တော်လှန်ရေးတွေ ရှင်သန်နေစေဖို့ စီးပွားရေးအကျိုးအမြတ်တွေ ဖော်ဆောင်ခဲ့ကြရသလို အဲဒီလိုယှဥ်ပြိုင်မှုတွေကြားမှာ ပုဂ္ဂလိက
အကျိုးစီးပွားအခြေပြုပြီး နိုင်ငံရေးဆုံးဖြတ်မှုတွေ လုပ်ဆောင်ခဲ့ကြတာတွေလည်း (လူ့သဘာဝအရ)ရှိခဲ့၊ မှားခဲ့ကြတာတွေလည်း တွေ့ရမှာပါ။
အဲဒီလို အကြောင်းအရာတွေကြောင့် လက်ရှိအချိန်မှာ နိုင်ငံရေးအရသဘောတူညီမှုမရှိနိုင်ကြသေးသလို၊ ခိုင်မာတဲ့ယုံကြည်မှုလည်း အုပ်စုတွေအကြားရှိမနေကြသေးတာ တွေ့ရမှာပါ၊ အဲ့ဒါတွေက မညီညွတ်စေရာ အကြောင်းအရာတွေလို့ မြင်မယ်ဆို
မြင်လို့ရပါတယ်။
မေး – ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ရဲ့အပစ်အခတ် ရပ်စဲကြောင်းပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုအပစ်အခတ်ရပ်စဲလိုက်တာက ရှမ်းတော်လှန်ရေးတပ် ၂ တပ် ပူးပေါင်းခြင်းအတွက်ပထမအဆင့်ခြေလှမ်း ဖြစ်နိုင်မလား?
အရင်ကလည်း အပစ်အခတ်ရပ်စဲတဲ့ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပေမယ့်တိုက်ပွဲပြန်ဖြစ်တာမျိုးတွေ ရှိခဲ့ပါတယ်။
ဒီတစ်ခါ အပစ်အခတ်ရပ်စဲတာကကော ဘယ်လောက်ထိတာရှည်ခံမယ်လို့ သုံးသပ်နိုင်မလဲ?အောက်ခြေ ရှမ်းပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ် ဘယ်လောက်ထိမျှော်မှန်းထားတယ်လို့ပြောနိုင်မလဲ?
ဖြေ – အပစ်အခတ်ရပ်တာကတော့ နိုင်ငံရေးအရ အရွေ့တခု ဖြစ်တယ်ဆိုတာတော့သေချာပါတယ်။ အဲဒီ အခြေအနေကနေ နိုင်ငံရေးအရ သဘောတူညီမှုတည်ဆောက်နိုင်မှာလား။နားလည်မှု၊ ယုံကြည်မှု အခြေခံတဲ့ဆက်ဆံရေးမျိုး တည်ဆောက်နိုင်မှာလား၊ မဟာမိတ်ဆန်တဲ့အပြန်အလှန်သစ္စာစောင့်သိပြီး သူ့ အကျိုး ကိုယ်အကျိုး မျှမျှတတစဉ်းစားဆွေးနွေးနိုင်ကြမှာလား၊ရပ်တည်ဆောင်ရွက်နိုင်ကြမှာလား ဆိုတာက ဆက်ပြီး စောင့်ကြည့်ကြရမှာပါ။
အဲဒီ နိုင်ငံရေးဖြစ်ထွန်းမှုက အုပ်ချုပ်သူ လူတန်းစားတွေပဲ စိတ်ကြိုက်ဆောင်ရွက်တာလား၊အောက်ခြေလူ တန်းစား ပါဝင်မှု၊ ပါဝင်နိုင်မှုတွေကို ဘယ်လို ဖန်တီးဖော်ဆောင်မလဲ ဆိုတာတွေကဖြစ်ပေါ်လာမယ့် နိုင်ငံရေး၊ စစ်ရေးဆုံးဖြတ်ချက်တွေကို အောက်ခြေလူထုက လက်ခံတယ်၊ လက်မခံဘူးဆိုတဲ့အပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနေနိုင်မှာပါ။
လက်ရှိမှာတော့ သမိုင်းအစဉ်အလာအရရော ဖြစ်တည်မှုတွေအရရော နိုင်ငံရေးဆုံးဖြတ်ချက်နဲ့ အောက်ခြေ ပြည်သူလူထုကွာဟမှုက ကြီးမားနေတုန်းလို့ မြင်ပါတယ်။
မေး – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်ကိုပြန်ကြည့်ရင်ပြည်နယ်သစ်တွေ ပေါ်ပေါက်လာမယ့် အလားအလာတွေ ပိုပြီးတွေ့လာရပါတယ်။ PNFC ကလည်းရှမ်းပြည်တောင်ပိုင်းမှာ ပအိုဝ်းပြည်နယ်ဖော်ဆောင်မယ်လို့ ပြောဆိုထားသလိုရှမ်းပြည်မြောက်ပိုင်းမှာလည်း တအာင်းပြည်နယ် ဖော်ဆောင်ဖို့ TNLA နဲ့ တအာင်းအဖွဲ့အစည်းတွေကကြိုးစားနေကြပါတယ်။
ဒါကြောင့်လည်း ရှမ်းပြည်နယ်မှာရှိတဲ့ ကျန်တဲ့လူမျိုးစုကြီး ၊ လူမျိုးစုငယ်တွေအနေနဲ့သက်ဆိုင်ရာပြည်နယ် သစ်တွေပေါ်ထွန်းလာရေးအတွက် ဆောင်ရွက်လာကြမယ်လို့မျှော်လင့်ရပါတယ်။ လူမျိုးမတူတဲ့အတွက် သာမန်အရပ်သားတွေအချင်းချင်းမှာတောင်ပွတ်တိုက်မှုတွေကရှိနေတော့ အနာဂတ်မှာပေါ်ထွန်းလာမယ့် ပြည်နယ်သစ်တွေနဲ့ပတ်သက်ပြီးကျယ်ကျယ်ပြန့်ပြန့်လေး သုံးသပ်ပေးပါ။
ဖြေ – ပြည်နယ်ပေါ်ထွန်းရေးဆိုတာက လူမျိုးအခြေပြု အစုအဖွဲ့တွေရဲ့ အိပ်မက်လို့ပြောရင်မမှား ပါဘူး။ အဲဒီ စဉ်းစားမှုတွေနဲ့ပဲ ပင်လုံစာချုပ်ဖြစ်တည်လာတယ်လို့ ပြောလို့ရနိုင်ပါတယ်။လူမျိုးအခြေပြု စဉ်းစားမှုနဲ့ အဲ့ဒီလို ကွဲပြားမှု၊ ခွဲခြားမှုက ချိတ်ဆက်နေတဲ့ သဘောရှိပါတယ်။အဲ့ဒီသဘောနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ အုပ်ချုပ်ခွင့်ဆိုတာမျိုး စဉ်းစားမှုကလည်းတွဲပါလာတဲ့သဘောရှိပါတယ်။
အဲဒီသဘောအရ လက်ရှိရှိနေပြီးသား အင်အားရှိအစုအဖွဲ့တွေအကြား နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာနားလည်မှု တည်ဆောက်နိုင်တယ်ဆိုရင်တောင် မတူညီတဲ့လူနည်းစုလူမျိုးတွေအနေနဲ့ကျန်ရစ်နေဦးမှာမလို့ တစ် ချိန်မှာ သူတို့လူမျို ဖြစ်တည်မှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးအတွက်တော်လှန်ဖို့လိုအပ်တယ်ဆိုတဲ့ သမိုင်း ပေးတာဝန်ဆိုတာ သူတို့အကြားပေါ်လာနိုင်ပါသေးတယ်။
အဲဒါကြောင့် လက်ရှိခေါင်းဆောင်တွေအနေနဲ့ လက်ရှိကာလကိုသာမက နောင်ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေ ကိုပါ အမျှော်အမြင်ကြီးမှု၊ သဘောထားကြီးမှုတွေနဲ့ စဉ်းစားဖို့ ဆွေးနွေးဖို့ ဆုံးဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။