ဝန်ကြီးဌာန ၁၄ ခုဖြင့် ချင်းပြည်အစိုးရဖွဲ့စည်း
******************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၊ ၂၀၂၄။
ချင်းလဲန်းကောင်စီက ချင်းပြည်အစိုးရကို ဝန်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်းလိုက်သည်ဟု ယမန်နေ့ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။
ချင်းပြည်ကောင်စီညီလာခံ ပထမသက်တမ်း၊ ဒုတိယအကြိမ် ချင်းပြည်ကောင်စီအစည်းအဝေးကို ချင်းလုံမြို့တွင် ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် Pu Pa Thang ဦးဆောင်သည့် ချင်းပြည်အစိုးရအဖွဲ့ကို ရွေးချယ်တင်မြှောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ချင်းပြည်(Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ် တင်မြှောက်ရေးကော်မတီမှ အဆိုပြု တင်သွင်းသော ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ချင်းပြည်(Chinland) တရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ်နှင့် တရားသူကြီးများကို အတည်ပြုခဲ့သည်။
ချင်းပြည်ကောင်စီညီလာခံ ပထမသက်တမ်း၊ ဒုတိယအကြိမ် ချင်းပြည်ကောင်စီအစည်းအဝေးကို ကောင်စီဝင်စုစုပေါင်း လူဦးရေ ၁၀၀ ဦးတက်ရောက်ခဲ့ကြပြီး ချင်းပြည်(Chinland) လွှတ်တော်အပါအ၀င် မဏ္ဍိုင်ကြီး (၃) ရပ်ကို အတည်ပြုဖွဲ့စည်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ချင်းပြည်အစိုးရသည် ချင်းပြည်ကောင်စီက ချမှတ်သည့် ရည်မှန်းချက် ပန်းတိုင်၊ မဟာဗျူဟာနှင့် နည်းဗျူဟာများ အကောင်အထည်ဖော်ရာတွင် အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့် အာမခံချက် ရှိသော ချင်းပြည် တည်ဆောက်ရေးကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် ချင်းအမျိုးသား တည်ဆောက်ရေးတွင် ချင်းအမျိုးသားပိုက်နက်နယ်မြေနှင့် ချင်းအမျိုးသားတစ်ရပ်လုံးကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ စစ်ရေးတွင် အမျိုးသားတပ်မတော်တည်ဆောက်ရေးနှင့် ချင်းအမျိုးသား လှုပ်ရှားမှုတွင် ချင်းပြည်သူလူထုတစ်ရပ်လုံး လက်တွဲ ပူးပေါင်း ပါဝင်ရေးတို့ကို ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
**********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3219
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7469