![]()
ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ်တို့တွင် စစ်ဘေးရှောင်များ ထပ်မံတိုးလာနေပြီး စားသောက်ရေးနှင့် နေထိုင်ရေးအတွက် အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။
စစ်တွေမြို့ရှိ စစ်ကောင်စီရေတပ်မှ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် စစ်ဘေးရှောင်များမှာ တိမ်းရှောင်နေရသောကြောင့် အရေအတွက်တိုးလာနေခြင်းဖြစ်သည်။
ရသေ့တောင်မှ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက “အရင်ကတော့ ရွာတွေမှာ အိမ်စောင့်လိုမျိုးတွေ၊ အသွားအလာ လုပ်နေကြတာမျိုးတွေရှိတယ်။ အခုက စစ်တွေဘက်က လက်နက်ကြီးတွေ ဆက်တိုက်ဆိုသလိုမျိုး ပစ်ခတ်နေတော့ စစ်ရှောင်တွေ တိုးလာတယ်။ စားဝတ်နေရေးကတော့ အရင်ကတည်းက အဆင်မပြေတော့ အခုက လူပိုရင် ပိုပြီး အခက်အခဲပေါ့။ အကူအညီတွေကလည်း မရဘူး” ဟု ဆိုသည်။
ရခိုင်တွင် စစ်ဘေးရှောင်များအနေဖြင့် ပြည်မမှ အကူအညီရရှိမှုနည်းပါးနေပြီး ဆေးဝါးအကူညီများလည်း လိုအပ်လျက် ရှိသည်။
ထပ်တိုးလားသည့် စစ်ဘေးရှောင်များအနေဖြင့် လက်ရှိတွင် စစ်ရှောင်စခန်းများထက် ကျေးရွာများရှိ ဆွေမျိုးများနေအိမ်တွင် နေထိုင်နေကြရသည်ဟု ဆိုကြသည်။
ရသေ့တောင်မှ အသက် ၃၅ အရွယ် အမျိုးသားတစ်ဦးက ”ရသေ့တောင်ဘက်မှာ စစ်တွေဘက်က လက်နက်ကြီးတွေ ခဏ ခဏ ပစ်တော့ အိမ်စောင့်တွေကလည်း မနေရဲတော့ဘူး။ တစ်ဖက်မှာလည်း လူတွေ အများစုက ရွာတွေမှာ ဆွေမျိုးရှိတဲ့ အိမ်တွေ၊ ရွာတွေကို ရွှေ့ပြောင်းနေကြတယ်” ဟုဆိုသည်။
စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ကြား စစ်တွေတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ မရှိသေးသော်လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းတွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် စုစုပေါင်း ကိုးသောင်းခန့်အထိ ရှိနေသည်။
ရခိုင်တွင် စစ်ဘေးရှောင်စုစုပေါင်း ၆ သိန်းကျော်ရှိကြောင်း အာရက္ခတပ်တော်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ၂၀၂၄ ခုနှစ်က ထုတ်ပြန်ထားသော်လည်း ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်တို့တွင် ထပ်မံတိုးလာနေသည်။
